ချင်းတောင်နှင့် ကလေးဒေသထွက်ကြက်သွန်နီများ ဈေးကွက်ဝင်၍အရောင်းအဝယ်ဖြစ်

ကလေး ၃၀ အောက်တိုဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကြက်သွန်နီဈေးကွက်တွင် ချင်းတောင်ထွက်နှင့် ကလေးဒေသ ထွက်ကြက်သွန်နီများအရောင်းအဝယ်ဖြစ်လျက်ရှိရာ ချင်းတောင်ကြက်သွန်နီကို တမူးနယ်စပ်၊ တရုတ်နယ်စပ်နှင့် ဘင်္ဂလားဘက်မှ ဝယ်ယူမှုများပြီး    ကလေးဒေသထွက် ကြက်သွန်နီများကို မုံရွာ၊ မန္တလေး၊ ပခုက္ကူနှင့်ချင်းတွင်း အထက်ပိုင်းသို့တင်ပို့ရောင်းချကြကြောင်း သိရသည်။

 

"ချင်းတောင်ထွက်ကြက်သွန်နဲ့ ကလေးဒေသထွက် ကြက်သွန်တွေကို    အောက်တိုဘာလဆန်းရက်ပိုင်းက စလို့ မန္တလေး၊ မုံရွာဘက်ကဝယ်လက်တွေရဲ့ ဈေးပြိုင်ပေးဝယ်မှုတွေကြောင့် ကလေးဈေးကွက်မှာ ကြက်သွန်နီဈေး ကျပ်ထောင်ချီ ဈေးတက်သွားပါတယ်"  ဟု ကလေးမြို့ တာဟန်းရပ်ကွက် ကြက်သွန်ပွဲရုံ ပိုင်ရှင် ဦးသျှမ်းအာက ပြောသည်။

 

ကလေးဒေသတွင် တောင်သူအများစုသည် လယ်မြေပြီးလျှင် မိမိတို့အပိုဝင်ငွေရရှိစေရန် ရရှိသည့် အချိန်အတွင်း ကြက်သွန်နီကိုစိုက်ပျိုးကြရာ ကလေးမြို့နယ် ဆင်ရွာ၊ စည်ပင်ကြီး၊ ဆည်တော်ဦး၊ ကျောင်းတိုက်ကျေးရွာနှင့်  တောင်ဖီလာ၊ မွန်ထာ၊ မွန်းလိုင်၊ တောင်သာ၊ကြို့သုံးပင်ရပ်ကွက်များတွင် စီးပွားဖြစ် အပြိုင်အဆိုင်စိုက်ပျိုးကြသည်။ ချင်းတောင်ပေါ်တွင် ကြက်သွန်နီကို ချင်းတိုင်းရင်းသား အများစုက စီးပွားဖြစ်စိုက်ပျိုးကြပြီး ဖလမ်းမြို့နယ် ဗားလုံ၊ လုံးဟော့၊ ဖိုင်ဇော်လ်၊ လာသီး၊ လုမ်ဘန်း၊ ပါရ်သဲနှင့် ဘွာလ်ခွါကျေးရွာများမှ အဓိက ထွက်ရှိသည်။

 

ယင်းကျေးရွာများမှထွက်ရှိသော ကြက်သွန်နီကို ကလေးမြို့ဈေးကွက်သို့ တင်ပို့ရောင်းချ ကြပြီး     ကလေးမြို့မှတစ်ဆင့် ဈေးကွက်ရှိရာအိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် တမူးနယ်စပ် ဈေးကွက်သို့ လည်းကောင်း၊ မုံရွာနှင့် မန္တလေးဈေးကွက်သို့လည်းကောင်း တင်ပို့ရောင်းချကြသည်။

 

ချင်းတောင်နဲ့ ကလေးဒေသထွက်ကြက်သွန်ကို အိန္ဒိယဘက်ကနှစ်စဉ်ဝယ်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ် ကလေးဒေသနဲ့ ချင်းတောင်ဒေသမှာ သဘာဝဘေးကျရောက်လို့ စိုက်ပျိုးဖြစ်ထွန်းမှု နည်းပါးသွားတဲ့အတွက် ဒီဘက်နှစ်တွေမှာ ဝယ်လက်နည်းသွားပါတယ်။ အခုတရုတ်နယ်စပ်နဲ့ ဘင်္ဂလားဘက်ကနေ ဝယ်လက်ရှိတော့ အောက်ပိုင်းကပွဲစားတွေ ကလေးမြို့မှာ ကြက်သွန် လာဝယ်ကြတဲ့အတွက် ကြက်သွန်အရောင်းသွက်နေပါတယ်။ တစ်ဆင့်ခံရောင်းချသူတွေက မိမိ တတ်နိုင်တဲ့အရင်းအနှီးနဲ့ ကုန်နိုင်တဲ့ပိဿာခန့်မှန်းတွက်ချက်ပြီး တစ်နှစ်စာ ဝယ်ယူ သိုလှောင်ထား ကြပါတယ် ” ဟု ကြက်သွန်စိုက်တောင်သူ ဦးမုန်ပေါင်က ပြောသည်။

 

ကလေးမြို့ ကြက်သွန်ပွဲရုံများတွင် ပြီးခဲ့သည့်နှစ်များက ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၅၀ဝ သာဈေးရှိခဲ့သော်လည်း ယခုနှစ်အောက်တိုဘာလဆန်းမှစ၍   ယခင်နှစ်ကထက်ဈေးမြင့်တက်လာပြီး တစ်ပိဿာ လျှင် ကျပ် ၂၀ဝ၀ အထိဈေးပေါက်လျက်ရှိသည်။ ယခုရက်ပိုင်း မိုးကြက်သွန်ပေါ်ချိန် ချင်းတောင်ကြက်သွန်၊ ကလေးကြက်သွန်စိုက်ပျိုးမှုနည်းပါးနေသော်လည်း ကြက်သွန်ဈေးကောင်းရ နေသည့်အတွက် လာမည့်ဆောင်းသီးနှံတွင် ကြက်သွန်ကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ကြိုးစား ဆောင်ရွက်နေကြကြောင်း သိရသည်။

 

ချင်းတွင်းသား