ကလေး ၂၈ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ချင်းတောင်ထွက် သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက် ချင်းတောင်ထွက် ခရမ်းချဉ်သီးများ ဈေးကျနေသော်လည်း မြန်မာ-အိန္ဒိယ နယ်စပ် တမူးဈေးကွက် တွင် ဝယ်ယူမှုများပြားသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကလေးမြို့ တာဟန်းရပ်ကွက် ချင်းတောင်သီးနှံမျိုးစုံ ရောင်းဝယ်ရေးကုန်စိမ်းပွဲရုံမှ သိရသည်။

 

 “ချင်းတောင်ခရမ်းချဉ်သီးက လွန်ခဲ့တဲ့နှစ် အခုလိုရာသီမှာ တစ်ပိဿာ ငွေကျပ် ၁၀ဝဝ ကျော်ဈေးရှိခဲ့တယ်။ ဒီနှစ်မှာတော့ တမူးနယ်စပ်ဈေးဘက်က အဝယ်လိုက်နေတဲ့အတွက် တစ်ပိဿာ ကျပ် ၄၀ဝ အထိ ဈေးကျသွားတော့ဈေးမကောင်းပေမယ့် အရောင်းအဝယ် သွက်နေပါတယ်။ အခုအခါချင်းတောင် ဒေသမှာမြစိမ်းရောင်စီမံကိန်းနဲ့ ခရမ်းချဉ်စိုက်ခင်းကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြေတာ့ နှစ်စဉ် ကလေးမြို့ ဈေးကွက်ကိုခရမ်းချဉ်ပိဿာချိန် သိန်းချီ ဝင်ရောက်ပါတယ် ” ဟု တာဟန်းကုန်စိမ်းပွဲရုံမှဒေါ်ဆွီးသဲက ပြောသည်။

 

ယခုရက်ပိုင်း ကလေးမြို့ဈေးကွက်တွင် ချင်းတောင်ခရမ်းချဉ်သီးဖောက်သည် ဈေးတစ်ပိဿာလျှင် ငွေကျပ် ၃၀ဝ မှ ၄၀ဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ကာကလေးမြို့မှတစ်ဆင့် တမူး၊ ချင်းတွင်း အထက်ပိုင်း ဒေသသို့တင်ပို့ရောင်းချသည့် ဖောက်သည်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၅၀ဝ နှုန်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

ချင်းပြည်နယ်၏ ခရမ်းချဉ်စိုက်ပျိုးမှုသည် လွန်ခဲ့သည့်အနှစ် ၄၀ခန့်က တမူး၊ ချင်းတောင်၊ ကလေး ဒေသနှင့် အထက်ချင်းတွင်း ဒေသသည်မုံရွာဒေသထွက်ခရမ်းချဉ်ကို ဈေးကောင်းပေး ဝယ်ယူစားသုံးခဲ့ရပြီး လွန်ခဲ့သည့်အနှစ် ၂၀ ဝန်းကျင်မှအစပြု၍ တိုးချဲ့စိုက်ပျိုးခဲ့ရာ တမူး၊ဟုမ္မလင်း၊ ဂန့်ဂေါနှင့် ကလေး ဒေသဈေးကွက်များသို့ မုံရွာခရမ်းချဉ်နှင့်ဈေးပြိုင် တင်ပို့ရောင်းချ ကြကြောင်းနှင့် ချင်းတောင်ခရမ်းချဉ်ကို ဖလမ်းမြို့နယ် ကူလ်ဇမ်း၊ ဗားလုံ၊ လုမ်ဘန်း၊ပါရ်သဲ၊ လုံးဟော့၊ လာလ်သီးကျေးရွာများတွင် ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးလျက်ရှိပြီး တီးတိန်မြို့နယ် ဗန်းတဲ့ကျေးရွာနှင့် အချို့ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ထွက်ရှိကြောင်း သိရသည်။

 

ချင်းတွင်းသား