ချင်းတောင်တန်းအလွန်က တီးတိန်နဲ့ ရိဒ်ခေါဒါရ်  The Arduous Journey to Mystical Rih Lake through Tedim အပိုင်း(၁)

၇  နိုဝင်ဘာ

ချင်းပြည်နယ်ကို အလည်သွားမယ်ဆိုရင် အရင်ဆုံး ချင်းပြည်နယ်ရဲ့ အထင်ကရ နေရာလေးတွေက တန်းစီပြီး ခေါင်းထဲ ပေါ်လာတယ်။ နတ်မတောင်၊ ရိဒ်ရေကန်၊ ဘုံတလာရေတံခွန်၊ ကနေဒီတောင် စသဖြင့်ပေါ့။ ချင်းပြည်နယ်တောင်ပိုင်းကို နှံ့သလောက် အလည်ရောက်ဖူးခဲ့တော့ ကျွန်တော်ဟာ ဒီနှစ်ထဲ ချင်းပြည်နယ်မြောက်ပိုင်းကို အတော်လေး သွားချင်စိတ်ဖြစ်မိပါတယ်။ ဒီဆန္ဒလေးပြည့်ဝတဲ့ တစ်နေ့မှာတော့ ကျွန်တော်မြင်ချင်လှတဲ့ ချင်းတောင်တန်းကြီးတွေကို တအံ့တသြ တခမ်းတနား မြင်ခွင့်ရလိုက်တယ်ပေါ့ဗျာ။

ကလေးမြို့လေးမှသည် ချင်းတောင်ဆီ

ချင်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိက ဝင်ပေါက်ကတော့ တောင်ခြေမြို့လေးလို ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့လေးပါ။ ကလေးမြို့လေးကနေတစ်ဆင့် ကားတွေနဲ့. ချင်းတောင်တန်းပေါ်ကို ရင်တဖိုဖို သွားလာကြရပါတယ်။ ကျွန်တော်သွားခဲ့တဲ့ ပြီးခဲ့တဲ့လတုန်းက လမ်းအတော်ကောင်းနေပြီဆိုတဲ့ အခြေအနေမှာတောင် တောင်ပြို မြေပြိုတာမျိုး ရှိတတ်သေးတော့ ဘေးမှာ ချောက်ကြီးကို အသည်းတယားယား ဖြတ်ကျော်ရတာမျိုးပါ။ အခု လမ်းကတော့ အတော်လေးကောင်းပြီး ကျယ်လည်းကျယ်နေပြီမို့ အရင်လို ခက်ခက်ခဲခဲသွားကြရမှာမျိုးတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် လမ်းပိုင်းတချို့ကတော့ ပြုပြင်ဖို့ ကျန်နေ တုန်းပါ။ ကျွန်တော့်ရဲ့ ခရီးစဉ်က တီးတိန်နဲ့ ရိဒ်ရေကန်ဘက်ကို လည်ပတ်ဖို့ အဓိကမို့ ကလေးမြို့ကနေ မနက် ခပ်စောစောလေး ထွက်လာခဲ့တယ်။ တီးတိန်နဲ့ အချိန်အားဖြင့် သုံးနာရီခန့်ပဲ ကားမောင်းရပါတယ်။ ကားကောင်းကောင်းနဲ့ နယ်မြေကျွမ်းကျင်သူမို့ အချိန်တိုအတွင်း အန္တရာယ်ကင်းကင်း ရောက်ခဲ့တာလို့ ဆိုချင်ပါတယ်။ ကိုယ့်ကားကိုယ် မောင်းကြမယ့်သူတွေကိုတော့ တောင်တက်တောင်ဆင်း အထူးသတိ ရှိစေချင်ပြီး စက်ကို ပုံအောယုံတတ်တဲ့စိတ်၊ ဘရိတ်ကိုပဲအားကိုး အသက်အပ်ထားချင်တဲ့စိတ်လေးလျှော့ပြီး သေချာထိန်းလို့ မောင်းနှင်ဖို့အကြံပြုချင်ပါတယ်။ ကလေးကနေ တက်လာပြီး သိုင်းငင်ရွာရောက်ရင် ညာဘက်သွားတာနဲ့ တီးတိန်ကို ရောက်ပါမယ်။ ဘယ်ဘက်ဆိုရင်တော့ ဖလမ်းကို ရောက်မှာပါ။

ဘယ်လိုသွားမလဲ

ကလေးမြို့ကနေ ကားငှားသွားလို့ရပါတယ်။ ကားဝန်ဆောင်မှုလိုအပ်တယ်ဆိုရင် ကိုထွေး ဖုန်း-၀၉ ၄၀၀၄၅၇၉၉၀ ကို ဆက်သွယ် အကူအညီတောင်းခံနိုင်ပါတယ်။

တိမ်တွေပေါ်က မြို့လေးတီးတိန်

အချိန်သုံးနာရီလောက်ပေးပြီး သွားရတယ်ဆိုပေမယ့် လမ်းတစ်လျှောက် ချင်းရိုးရာမပျောက်ပျက်သေးတဲ့ ရွာကြီး၊ ရွာလေး များစွာကို ဖြတ်သန်းသွားလာရတာမို့ ပျင်းစရာ မကောင်းသလို၊ ချင်းတောင်တန်းကြီးတွေ ပေါ် ကားစီးသွားနေရတဲ့ ခံစားချက်နဲ့ မြင်ကွင်းကစပြီး ရောက်လာတဲ့ ခရီးသွားတိုင်းကို တအံ့တသြ ငေးမောနေရစေပါတယ်။ တောင်စောင်းမှာ ဆောက်ထားတဲ့ ချင်းရိုးရာအိမ်ဆောက်ပုံနဲ့ အိမ်လေးတွေကို အသည်းတယားယား ဝင်ရောက်လေ့လာနိုင်သေးတယ်။ တောင်လေးတွေပေါ်မှာ ကားလမ်းကို ရစ်ကာဝေ့ကာ ဖောက်ထားတာကို အဝေးကမြင်ရရင် အဲ့ဒီကိုသွားရမှာပါလား၊ ဝေးလှချည်လား၊ နီးလှချည်လားဆိုတဲ့ စိတ်ကူးလေးပျံ့ပြီး ခရီးသွားအိပ်မက်မက်ခွင့်ရကြပါတယ်။

တိမ်ညင်းလို့လည်း ခေါ်ခဲ့ကြတဲ့ တီးတိန်မြို့လေးကို အသွားမှာလည်း လည်ပတ်လေ့လာစရာများသလို တီးတိန်မြို့ဝန်းကျင်မှာလည်း စိတ်ဝင်စား လည်ပတ်စရာများပါတယ်။ တီးတိန်မြို့ကို ခရစ်နှစ် ၁၅၅၀ မှာ ဒိုတိမြောက်ဂွီးမာန်က မြို့တည်ခဲ့တယ်လို့ ဆိုပါတယ်။ တီးတိန်မြို့ဟာ ၁၈၈၆ ခုနှစ်မှာ အင်္ဂလိပ် လက်အောက်ကျရောက်ခဲ့ပြီး နောက်ပိုင်းမှာ နယ်ခြားဝန်ထောက်အုပ်ချုပ်ခံနယ်မြေ ဖြစ်လာပါတယ်။ တီးတိန်ဝန်းကျင်မှာ ရွာပေါင်း ၁၂၉  ရွာလောက်ရှိသေးပြီး ချင်းလူမျိုးကွဲ များစွာနေထိုင်ကြပါတယ်။

ကျွန်တော်မြင်ခဲ့တဲ့ တီးတိန်မြို့လေးကတော့ စည်စည်ကားကားလေးနဲ့ ချစ်စရာပါ။ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက် စရောက်ခဲ့တာမို့ မိုးတွင်းကာလမှာတောင် အေးမြမြနဲ့ နေမပွင့်ချင် ပွင့်ချင်လေး ဖြစ်နေတယ်။ ခြေတံရှည် တောင်စောင်းအိမ်လေးများစွာနဲ့ တောင်အဆင့်ဆင့်မှာ ခေတ်မီတိုက်တာနဲ့ ရိုးရာမပျက် အိမ်များစွာကို ချစ်စရာတွေ့ခဲ့ရပါတယ်။

တီးတိန်ဝန်းကျင် လည်ပတ်စရာများ

တီးတိန်ဝန်းကျင် လည်ပတ်စရာလေးတွေကို တီးတိန်ရောက်ရင် လည်ပတ်နိုင်ဖို့ စုစည်းတင်ပြပေးချင်သလို၊ တီးတိန်ရောက်ဖူး သူများလည်း ပြန်ပြီး အမှတ်တရလေးတွေ ခံစားရစေဖို့ ရည်ရွယ်ပါတယ်။

လေထန်ကုန်း

ကလေးမြို့အကြောင်း ရေးတုန်းက လေထန်ကုန်းမပါလို့ဆိုပြီး ဝိုင်းပြောကြတယ်။ တကယ်တော့ ကလေးမြို့ ကနေ လေထန်ကုန်း ရောက်ဖို့ အတော်သွားယူရတာပါ။ ပြောရရင် တီးတိန်ဆီသွားတဲ့ လမ်းတစ်ဝက်လောက် တောင်ဖြစ်မယ်။ လေထန်ကုန်းမှာ ထူးထူးခြားခြားလည်း ပြစရာမရှိပေမယ့် လေကောင်းတဲ့အချိန်ဆို တောင်အောက်က လေပင့်တိုက်တာမို့ ဘာပစ္စည်းချချ ပြန်တက်လာတာမျိုးကို မြင်ကြရတယ်လို့ ဆိုပါတယ်။ ထင်ရှားတဲ့ အမှတ်အသားအဖြစ် တောင်ဇလပ်ပင်တချို့ တွေ့ရတယ်။ လက်ဝါးကပ်တိုင်အကြီးကြီး စိုက်ထူထားပြီး ကျမ်းချက် ရေးသားထားတယ်။ ရှုခင်းကတော့ ကိုယ်တွေလို မြေပြန့်သားတွေအတွက် အံ့မခန်းလှချက်ကြီးပါဗျာ။

ကနေဒီတောင်

ကလေး-တီးတိန်လမ်းကနေ ကနေဒီ တောင်ရဲ့အလှကို အဝေးကမြင်ရသလို၊ တောင်ပေါ်တက်ချင်ရင်လည်း သွားလည်ပတ်နိုင်ပါတယ်။ ကလေးမြို့ကနေ တိုက်ရိုက်တက်နိုင်ဖို့လည်း ကြိုးစားနေကြတယ်လို့ သိရပါတယ်။ ခြေကျင်ဆိုရင်တော့ ကလေးမြို့နားကနေ တက်ကြပြီး ကားနဲ့ဆိုရင်တော့ ဒီဘက်ပိုင်းထိလာပြီး တက်ကြရတယ်လို့ ဆိုပါတယ်။ ကျွန်တော့်ခရီးစဉ်မှာတော့ တောင်တက်ဖို့အစီအစဉ် မစဉ်းစားမိခဲ့တဲ့အတွက် ဒီတစ်ခါ ခရီးမှာ မတက်ဖြစ်သေးပါဘူး။ ကနေဒီတောင်ဟာ အမြင့်ပေ ၈၈၇၀ ရှိတဲ့ မြောက်ပိုင်းက ချင်းတောင်တန်းကြီးရဲ့ အမြင့်ဆုံးနေရာ ဖြစ်ပါတယ်။

 

75282296_2408184472755380_6008197177342427136

 

ဝေဠုဝန်စေတီတော်

တီးတိန်မြို့မှာရှိတဲ့ ရှားရှားပါးပါး စေတီတစ်ဆူပါပဲ။ စောင်းတန်းလေးကနေ ခြေကျင်တက်လို့ရပေမယ့် တချို့နေရာတွေမှာ ပျက်စီးနေတာလေးတွေရှိလို့ ကားနဲ့ တိုက်ရိုက်တက်ပြီး ဖူးမြော်နိုင်ပါတယ်။ သမိုင်းကြောင်းနဲ့ ပတ်သက်လို့တော့ လေ့လာတွေ့ရှိရတာ မရှိပါဘူး။

 

75311670_2408184522755375_7577252844873449472

 

Cope Memorial Baptist Church ဘုရားကျောင်း

တီးတိန်မြို့မှာ သက်တမ်းရှည်ပြီး အကြီးဆုံးဘုရားကျောင်းကြီးတစ်ခုလို့ သိရပါတယ်။ ဆေးရုံကြီးအနီးမှာ တည်ရှိတာပါ။ ဘုရားကျောင်းက ကုန်းမြင့်လေးမှာ ဖြစ်နေလို့ အဲဒီကနေ မြို့ရဲ့ တချို့အပိုင်းလေးတွေကိုလည်း အမြင့်ကနေ တွေ့ရသလိုမျိုး မြင်တွေ့ ခံစားနိုင်ပါသေးတယ်။

 

75594365_2408184439422050_1589822809364758528

 

တီးတိန်ရှုခင်းသာ

မြို့မြင်ကွင်းလေး အပေါ်စီးကမြင်ရတာ လှတယ်ဆိုလို့ ကြိုးစားတက်ခဲ့ပေမယ့် ကျွန်တော်သွားတဲ့အချိန် လမ်းပျက်နေတာမို့ အပေါ်မရောက်ခင် ကားလည်းတက်မရ၊ ဆိုင်ကယ်လည်း တက်မရဖြစ်ပြီး လက်လျှော့ ပြန်ခဲ့ရတယ်လေ။

ချင်းရွာလေးများနဲ့ စံပြရွာ ရှောင်စောန်း

တီးတိန်ဝန်းကျင်မှာ ရွာငယ်လေးများစွာရှိပြီး ချင်းလူမျိုးထဲမှာမှ မျိုးနွယ်စုကွဲများစွာ နေထိုင်ကြတာမို့ လေ့လာစရာ ဖြစ်နိုင်သလို မဖြစ်မနေ သွားရောက်လေ့လာစေချင်တာက ရှောင်စောန်းစံပြကျေးရွာပါ။ ထူးခြားတဲ့ သီးသန့်ဘာသာတရားရှိနေပြီး ဒီကျေးရွာမှာ အရက်သေစာ၊ ဆေးလိပ်၊ မူးယစ် ဘာတစ်ခုမှ မရှိတဲ့ ဘာသာတရားလွှမ်းခြုံရာ ရွာလေးဖြစ်လို့ပါ။ အိမ်လေးတွေနဲ့ လမ်းတွေကလည်း သပ်ရပ်လှပနေပြီး ကိုယ့်အိမ်ခြံစိုက်ခင်းနဲ့ ကိုယ်အေးချမ်းသာယာနေတာလေး တွေ့ရပါမယ်။ ပန်းမန်မျိုးစုံနဲ့ လှနေသလို၊ ကိုးကွယ်ရာ ဘာသာတရားပေါ်မှာလည်း နက်ရှိုင်းစွာ သက်ဝင်ယုံကြည်ကြသူများလို့ ခံစားရပါတယ်။ ရှောင်စောန်းဆိုတာ ချင်းလိုဆို အသန့်ရှင်းဆုံးလို့ အဓိပ္ပာယ်ရပါတယ်။ ပါရှန်းဘာသာ (ရှောင်စောန်းဘာသာ) ကို ကိုးကွယ်ကြသူများပါ။ ဒီ ပါရှန်းဘာသာ (ရှောင်စောန်းဘာသာ)နဲ့ ရွာလေးအကြောင်းကို ဗီဒီယိုအနေနဲ့လည်း မကြာခင် တင်ဆက်သွားပါဦးမယ်။

Thiha, the Traveller @ သီဟလုလင်

(ဆက်လက်ဖော်ပြပါမည်)