ချင်းတောင်တန်းအလွန်က တီးတိန်ရဲ့ ရိခေါဒါရ် အပိုင်း(၂)

သီဟလုလင်

(ယခင်အပတ်မှအဆက်)

တီးတိန်ချင်း ရှေးဟောင်းယဉ်ကျေးမှုအိမ်

တီးတိန်ချင်းတွေ ဟိုးအရင်က ဘယ်လိုနေထိုင်ခဲ့သလဲဆိုတာကို လေ့လာခွင့်ရမယ့်နေရာပါ။ ရှေ့ကပြောခဲ့တဲ့ ရှောင်စောန်း ရွာထဲမှာပဲ တည်ရှိပါတယ်။ အိမ်တစ်ခုလုံးရော၊ အသုံးအဆောင်တွေပါ သစ်သားတွေနဲ့ ဖန်တီးထားပြီး သူတို့ရဲ့ ဓလေ့တချို့ ကိုလည်း သိခွင့်ရခဲ့ပါတယ်။ ဓာတ်ပုံမှတ်တမ်းလေးတွေကလည်း စိတ်ဝင်စားစရာပါ။ အိမ်မှာ အမျိုးသားတွေက မုဆိုးလုပ်ရင်း ရလာတဲ့ အကြီးဆုံး တောကောင်တွေရဲ့ ဦးခေါင်းခွံတွေကို ချိတ်ဆွဲပြသ ဂုဏ်ယူတတ်ကြသလို၊ ရှေ့ဘက်မှာ လူပျိုဆောင်ထပ်ခိုး ပုံစံလေးရှိတာလည်း စိတ်ဝင်စားစရာပါ။ အတွင်းဘက်မှာ မီးလင်းဖိုနဲ့အတူ အိမ်ထောင်ရဲ့ အကြီးဆုံး အမိနဲ့အဖက ကွပ်ပျစ်ကျယ်ကျယ်နဲ့ အိပ်ကြရတယ်။ အိမ်ထောင်ကျတဲ့ သားသမီး လင်မယားတွေက မီးလင်းဖိုရဲ့ တစ်ဖက်ခြမ်းမှာ ကွပ်ပျစ်ခပ်ငယ်ငယ်နဲ့ အိပ်ကြရပါတယ်။ အဲဒီမှာ ထူးခြားတာက လူသေရင် သူတို့အိပ်တဲ့ အပေါ်က ထပ်ခိုးလို အတန်းလေးမှာ ထားကြ တာပါ။ အရိုးဖြစ်တဲ့အထိနေပြလိုက်၊ အသားဆွေးတွေကို လူတွေက လက်နဲ့ ဖယ်ရှားလိုက် လုပ်ကြရပါတယ်။ ဒါကို သတ်မှတ်ထားတဲ့ ဆွေမျိုးတွေက လုပ်ဆောင်ပေးကြရတာပါ။ ပြီးရင် အဝတ်ပတ်ပြီး အဲဒီထုပ်တန်းမှာ ပြန်တင်ထားခဲ့၊ အဲဒီလိုမျိုး ကြိမ်ဖန်များစွာ အရိုးပဲ ကျန်တဲ့ အထိ လုပ်ပေးကြရတယ်တဲ့။ အိမ်သာကလည်း ရိုးရှင်းတယ်။ ကြမ်းကို အပေါက် ဖောက်တယ်။ အောက်က မြေမှာ ကြွပြေားထားပြီး အပေါ်က ကိစ္စရှင်း၊ အောက်မှာ မွေးထားတဲ့ နွားနောက်၊ ကျွဲ၊ ဝက်တွေက စားကြတယ် ဆိုပါတယ်။ ဒီလိုထူးခြားတဲ့ အိမ်ရာဖွဲ့စည်းပုံပြောစရာ အများကြီးကျန်သေးတယ်။ ရောက်ခဲ့ရင်တော့ လေ့လာစေချင်ပါတယ်။

တီးတိန်မှာ စားစရာ

တီးတိန်မြို့မှာတော့ တခြားထက်စာရင် စားစရာ သောက်စရာ ပေါပါတယ်။ ဆိုင်တွေလည်း များတယ်။ ဆန်ပြုတ်၊ ပြောင်းဖူးပြုတ် (ဆာဗူးသီးကို အသားမပါဘဲ သက်သတ်လွတ် ပေါ့လေ) စတဲ့ ဒေသစာတွေလည်း ရှိတာမို့ အဆင်ပြေပါတယ်။ တီးတိန်ကော်ဖီလည်း ရှိတာမို့ တီးတိန်ကော်ဖီလေးလည်း သောက်ခဲ့ စေချင်မိပါတယ်။ အချိုတော့ လျှော့ခိုင်းပါ။ ခေါင်ရည် နဲ့ ဒေသဝိုင်တွေလည်း မဖြစ်မနေ သောက်ခဲ့ပါနော်။ တနဂငေ်္နွနေ့လိုမျိုးမှာတော့ ဆိုင်အများစုပိတ်လို့ သတိတရ အစား အသောက်စုဆောင်းထားဖို့ လိုအပ်ပါတယ်။ လမ်းခရီးတစ်လျှောက် ရွာတိုင်း ဆိုင်တိုင်းလိုလို ပိတ်တာမျိုး ကြုံရတတ်တာမို့ တနဂငေ်္နွ မဖြစ်မနေ ခရီးသွားဖြစ်ရင် ကြိုတင်ပြင်ဆင် နိုင်ဖို့ပါ။

၃+

တီးတိန်မှသည် ရိခေါဒါရ် ဆီ

နာမည်ကျော် အသည်းပုံ ရေကန်ရိဒ်ဆီကို သွားမယ်ဆိုတော့ ရင်ခုန်ရပါတယ်။ ချင်းပြည် နယ်ရဲ့ နောက်ထပ် အထင်ကရ နေရာတစ်ခုကို ကျွန်တော် မျက်မြင်တွေ့ရတော့မှာကိုး။ လမ်းက အကွေ့အကောက်များပြီး အတက်လည်း ကြမ်း၊ အဆင်းလည်း ကြမ်းပါတယ်။ လမ်းလည်း အတော်ကြမ်းတာပါ။ လမ်းပြင်ဆင်မှု အပိုင်း မပြီးပြတ်သေးတာမို့လည်း ဖြစ်ပါတယ်။ ဒီလမ်းမှာ ကလေး - တီးတိန်ထက်တောင် အဆင်းအတက်နဲ့ အကွေ့ကြမ်းတာမို့ ကားကို ကိုယ့်ဘာသာ မောင်းခဲ့ရင် ပိုသတိကြီးကြီး ထားစေချင်ပါတယ်။ ရိခေါဒါရ် က အိန္ဒိယ နယ်စပ်မြို့ဖြစ်လို့ တစ်ဖက် အိန္ဒိယကိုလည်း လည်ပတ်နိုင်ပါတယ်။ သို့ပေမယ့် အနီးဆုံးမြို့က ရွာလောက်ပဲမို့ သိပ်ပြီးတော့ ပျော်စရာ မဖြစ်ပါဘူး။ အိုင်းဇောအထိ သွားလည်နိုင် ရင်တော့ ပိုအဆင်ပြေပါတယ်။

ရိခေါဒါရ်တစ်ခွင် လည်ပတ်စရာများ

ရိခေါဒါရ်ကတော့ မြို့သေးသေးလေး ဖြစ်တာမို့ လည်ပတ်စရာ များများစားစား မရှိဘူး။ အဓိကမြို့ရဲ့ လူမှုအခြေအနေ၊ စီးပွားအခြေအနေကို အကဲခတ်ရုံပါပဲ။ ချင်းကားလို့ ခေါ်ကြတဲ့ ငယ်ငယ်က ကလေးတွေ ဆော့သလို မောင်းရတဲ့ သစ်သားကားတွေက အတော် အလုပ်ဖြစ်တာ တွေ့ရတယ်။ မြန်မာနဲ့ အိန္ဒိယနယ်စပ်ဖြတ်ကျော် တံတားလေးကို ချင်းကားလေးတွေနဲ့ အစုလိုက် ပစ္စည်းသယ်ပို့ အလုပ်များနေကြတယ်။

မံဆောင်းတံတား

တီးတိန်ကနေ ရိဒ်ဘက်သွားတဲ့အခါ အတက်ကြမ်း၊ အဆင်းကြမ်း၊ အကွေ့ကြမ်း လေးတွေ မရောက်ခင် ကြိုးတံတား ဝါဝါလေး ကို မြင်တွေ့ကြရပါမယ်။ မံဆောင်းတံတားဟာ ဓာတ်ပုံရိုက်ချင်စရာဖြစ်အောင် လှပနေတတ်လို့ ကျွန်တော်လည်း မှတ်တမ်းယူရတဲ့ အထိပါပဲ။

လိုင်တွီးရွာ

ထမင်းစား တစ်ထောက်နားတဲ့ ရွာလေး ဟာ ချစ်စရာ ဖြစ်နေပါတယ်။ စည်ကားနေတတ်ပြီး ဆိုင်လေးများစွာ မြင်တွေ့ရတယ်။ ချင်းရိုးရာအစားအစာတွေ အဓိက ရောင်းချပေးပြီး မြန်မာထမင်းဟင်းတွေလည်း တွဲဖက်ရောင်းချပေးတတ်ကြပါတယ်။

ရိဒ်ရေကန်

ရိဒ်ရေကန်က ရိခေါဒါရ်ကနေ တောင် ပေါ် ထပ်တက်ရသေးတယ်။ အဲဒီမှာ ရပ်ကွက် လေးတစ်ခုရှိပြီး အဲဒီရေကန်ဆီကို အလည် သွားရတယ်။ ပုံထဲမှာ အကြီးကြီးလို ထင်ထားပေမယ့် အပြင်မှာမြင်တော့ နည်းနည်းသေးတယ်လို့ ထင်မိတယ်။ ရိဒ်ကို အသည်းပုံအဖြစ် သေချာမြင်နိုင်တာက အဲဒီနားက အခြေခံပညာကျောင်းဝင်းထဲက ဝင်ကြည့်မှပါ။ စစ်တပ်တောင်ကုန်းပေါ် ကနေလည်း မြင်ကွင်းလှပေမယ့် ပန်းသီးပုံနဲ့ တူတယ်။ ပြည်ထောင်စုရိပ်သာကနေလည်း မြင်ကွင်းက လှပါတယ်။ ကျွန်တော်သွားတဲ့အချိန်က မိုးတွင်းလည်း ဖြစ်တာမို့ စပါးစိုက်ပြီး လှေကားထစ်စပါးခင်းစိမ်းစိမ်းနဲ့မို့ ရိဒ်ရေကန်က ပိုလှ နေသလိုပဲ။ ရိဒ်ရေကန်အနီးထိ ဆင်းပြီး ရေချိုးနိုင်ပါသေးတယ်။ ငါးမျှားသူလည်း ရှိတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ဖို့ ကိရိယာတွေလည်း တပ်ဆင်ပေးထားသလို၊ အပန်းဖြေဖို့ စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေလည်း အနားမှာ ရှိပါသေးတယ်။ မိုးမခပင်တွေ ပတ်လည်ပေါက်နေတာကို တွေ့ကြရပြီ ရေနည်းချိန်ဆိုရင် မိုးမခပင်တွေ အနီး လမ်းလျှောက်လို့ ရပါသေးတယ်။

ရိဒ်ရေကန်ဟာ ၈၃၂ ဧက ကျယ်ဝန်းပါတယ်။ ရေကန်ပတ်လည်ဟာလည်း နှစ်မိုင်ခွဲလောက် ရှိပါတယ်။ အနက်ကလည်း ခန့်မှန်း ခြေ ပေ ၅၀ ထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ရိဒ်ရေကန်မှာ ဘိုးဘွားတွေရဲ့ ဝိညာဉ်တွေ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။ ပုံပြင်လိုလို လက်ဆင့်ကမ်း ပြောကြားခဲ့တာကတော့ ဟိုးတုန်းက ဘေးဘွီးမြို့မှာရှိတဲ့ဘုရင်နဲ့ မိဖုရားကို စောင့်ရှောက်တဲ့ ဝိညာဉ်စောင့်နတ်သမီး ရိဒ်ဟာ နွားဖြူယောင်ဖန်ဆင်းပြီး ဈာန်နဲ့ ခရီးထွက်လာတုန်း ဒီရေကန်အရောက်မှာ ဝိညာဉ်စောင့် အဖြစ်နဲ့ နေထိုင်သွားတယ်လို့ ဆိုကြပါတယ်။ ဒီဒေသက လူတွေ ကွယ်လွန်တဲ့အခါ ဝိညာဉ်စောင့်ဆီ သွားကြရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သေတယ်လို့ မပြောတော့ဘဲ ရိဒ်ရေကန်ကိုသွားတယ်လို့ တင်စား ပြောဆိုကြတယ်လို့ သိရ ပါသေးတယ်။ ရိဒ်ရေကန်အနားမှာ ပတ်လည်ပေါက်နေတဲ့ မိုးမခပင် တွေကိုတော့ ဝိညာဉ်စောင့် ခြံစည်းရိုးလို့ ခေါ်ဆိုကြပါတယ်။ ရေကန်အနီးမှာ ဝိညာဉ်ပူဇော်ပွဲတွေကိုလည်း နှစ်တိုင်း ကျင်းပလေ့ရှိတုန်းလို့ သိရပြန်ပါတယ်။

သိပ္ပံသဘောအရတော့ ရိဒ်ဟာ မီး တောင် ပေါက်ကွဲရာကနေ ပေါ်လာတယ်လို့ ဆိုပါတယ်။ အေဒီ ၁၅၀ဝ ခန့်က စတွေ့ ခဲ့တာပါ။ ရေကန်ရဲ့ ထူးခြားချက်ကတော့ နှစ်ပေါင်းများစွာ ကြာတဲ့တိုင် ရေအပူချိန် မပြောင်းလဲဘဲ ရှိနေသလို၊ အကျယ်အဝန်း၊ အတိမ်အနက်လည်း ပြောင်းလဲခြင်း မရှိပါဘူး။ ဘယ်ကိုမှလည်း စီးဆင်းနေခြင်း မရှိဘဲ သီးခြားရပ်တည်နေသလို ဖြစ်နေပါတယ်။ ဆောင်းရာသီ နှင်းကျချိန်မှာ ကန်ရေပြင်က နီနီရဲရဲ ဖြစ်နေလေ့ရှိပြီး မိုးရာသီမှာ ကြည်လင်နေတတ်ပါတယ်။

နယ်ခြားတောင် အောင်တော်မူစေတီ

ရိဒ်ရေကန်ကနေ စစ်တပ်ရှိရာ ကုန်းမြင့် လေးအတိုင်းတက်သွားရင် နယ်ခြားတောင် အောင်တော်မူစေတီဆိုတာလည်း ရှိပါတယ်။ ဘုရားဖူးနိုင်သေးသလို၊ ရိခေါဒါရ်မြို့နဲ့ အိန္ဒိယနယ်စပ်အလှကိုလည်း အပေါ်စီးက မြင်နိုင်ပါသေးတယ်။

ရိဒ်မှာ တည်းခိုရာ စားသောက်ရာ

ရိခေါဒါရ်အောက်က ရပ်ကွက်တွေမှာ စားသောက်ဆိုင်တွေရှိတာ နည်းနည်း တွေ့မိတယ်။ စားတော့ မစားဖြစ်ဘူး။ ကျွန်တော် တည်းတာက ပြည်ထောင်စုရိပ်သာမှာ ဖြစ်နေတော့ ရိဒ်ရေကန်နားက စားသောက်ဆိုင်မှာပဲ စားဖြစ်တယ်။ ရွေးချယ်စရာ မများဘဲ အရသာတော့ ကောင်းတယ်။ မှာမှ ချက်ပြုတ်တာမို့ အချိန်တော့ ပေးရတယ်။ တည်းခိုဖို့ရာက ရေကန်အနီးက ဘန်ဂလိုတွေ ရှိပေမယ့် တည်းခိုသူတွေရဲ့ မှတ်ချက်တွေက သိပ်အဆင်မပြေဘဲ သန့်ရှင်းမှုအပိုင်း အားနည်းတာကို ထောက်ပြကြတာမို့ ကျွန်တော်လည်း မတည်းခိုရဲခဲ့ဘူး။ ပြည်ထောင်စုရိပ်သာကတော့ အဆင်ပြေပေမဲ့ အမြဲတည်းခိုလို့ ရပါ့မလား စဉ်းစားမိတယ်။ ရိဒ်ရွှေပြည် တည်းခိုခန်းလေးကိုတော့ အဓိက ညွှန်းဆိုကြပါတယ်။ မီးကတော့ ညပိုင်းမှ ရပါတယ်။ တနင်္ဂနွေ နေ့လိုမျိုးမှာတော့ ဆိုင်အများစုပိတ်လို့ သတိတရ အစားအသောက် စုဆောင်းထားဖို့ လိုအပ်ပါတယ်။

တိမ်ပင်လယ်ကြည့်ရင်း ကားပျက်

ဒီဘက်မှာက မိုးလေး ညနေဘက် ရွာ လိုက်ရင် နောက်နေ့ဆို တိမ်ပင်လယ် မြင်ကြ ရတော့တာပဲ။ ကျွန်တော်လည်း ကံကောင်း ခြင်းများစွာရှိလာတာမို့ မိုးရွာတဲ့ ညနေကို ကြုံပြီး နောက်နေ့မနက် ကလေးမြို့ပြန်အဆင်း မှာ တိမ်ပင်လယ်တွေကို ရိဒ်ကနေ တီးတိန် ကျော်တဲ့အထိ တောက်‌လျှောက်တွေ့ရတော့တာပဲ။ တစ်ခါတော့ ဓာတ်ပုံရိုက်ကောင်းတာ ကျောက်ခဲစူးပြီး ဘီးပေါက်ရော။ တောင်ပေါ် သွားလာနေကြတဲ့ ကားကြီး၊ ကားငယ်တွေရဲ့ ချစ်စရာကောင်းချက်က ချက်ချင်းကူညီ လုပ်ကိုင်ပေးကြတာပါပဲ။ အချိန် ၁၀ မိနစ် လောက်နဲ့ အဆင်ပြေသွားရော။

ခွာဒိုပွဲတော်

ရိုးရာကောက်သစ်စားပွဲ ခေါ် ခွာဒိုပွဲတော်ကို အောက်တိုဘာလဆို ကျင်းပလေ့ရှိတာမို့ ဒီကာလဟာ ချင်းပြည်နယ်မြောက်ပိုင်းဆီ အလည်ထွက်ဖို့ အကောင်းဆုံးအချိန်ပါ။ အဲဒီအချိန်ဆို ရိုးရာအကတွေ၊ ဓလေ့တွေ အစုံ မြင်တွေ့ကြရပါတယ်။ ပျားအုံဖွပ်အကနဲ့ ပျားအုံကို မီးထွန်းသယ်ဆောင်လာကြတဲ့ ရိုးရာဓလေ့အကတွေနဲ့ ခွာဒိုပွဲတော်ကို ဖွင့်လေ့ရှိတယ်။ ခွာဒိုပွဲတော်ကို ချင်း တိုင်းရင်းသားမျိုးနွယ်စုထဲက ဇိုမီးတွေ ကျိမ်နွှဲဒေသကို ပြောင်းရွှေ့တဲ့ အေဒီ ၁၄ ရာစုလောက်ကနေ စပြီး ကျင်းပ လာခဲ့တာပါ။ မွန်မြတ်တဲ့ပွဲလို့ ခံယူကြပါတယ်။ လေ့လာသင့်တဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်းခရီးစဉ်မှာ ဒီတစ်ခါတော့ တီးတိန်နဲ့ရိဒ်ဘက်ကို အလည် ထွက်နိုင်ခဲ့ပါတယ်။ သိပ်လှတဲ့ ထန်တလန် အပါအဝင် ဖလမ်း၊ ဟားခါးတွေကိုလည်း ရောက်ချင်မိပါသေးတယ်။ ဒီခရီးစဉ်လေးက လမ်းပန်းဆက်သွယ်ရေးကြောင့်သာ နည်းနည်း ဝေးတယ်ထင်ရပေမယ့် ခရီးမိုင်အားဖြင့်တော့ နီးတာမို့ စိတ်ထဲမချင့်မရဲဖြစ်ရပါတယ်။ တကယ်သာဆို ကလေးမြို့ ကနေ နေ့ချင်းပြန်တောင် မပင်မပန်းသွားဖို့ ဖြစ်နိုင်တဲ့ အနေအထားမို့ပါ။ ချင်းပြည်နယ်အဝန်းမှာလည်း ခရီးသွားလုပ်ငန်း ပိုပြီးတိုးတက်လာဖို့ မျှော်လင့်မိရင်း ချင်းပြည်နယ်မြောက်ပိုင်းခရီးစဉ်လေးကို တင်ဆက်လိုက်ရပါတယ်။

 

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။