mdn

သတင်းဆောင်းပါး - ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်

 

တောင်စွယ်တောင်တန်းများဖြင့် ဖွဲ့တည်ထားသည့် ချင်းပြည်နယ်သည် မြန်မာနိုင်ငံအနောက် မြောက်ဘက်ဒေသ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အနောက်ဘက်၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အရှေ့ဘက်၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ အရှေ့ဘက်တွင် ရှိသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံအိမ်အကြောင်းအရာနှင့် လူဦးရေသန်းခေါင်စာရင်းများအရ ချင်းပြည်နယ်တွင် လူဦးရေ ၄၇၈၈၀၁ ဦးနေထိုင်ပြီး ဧရိယာအကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၃၆၀၁၈ ဒသမ ၉ ရှိသည်။ ချင်းမျိုးနွယ် ၅၃ မျိုးမှ မျိုးနွယ်စုများအဓိကနေထိုင်ပြီး ရခိုင်နှင့် ဗမာလူမျိုး အနည်းစုလည်း နေထိုင်လျက်ရှိသည်။

 

စာရေးသူသည် ၂၀၁၆ ခုနှစ်က ချင်းပြည်နယ် ဟားခါးသို့ တစ်ခေါက်ရောက်ခဲ့ဖူးသော်လည်း ချင်းပြည်နယ်သို့ ထပ်မံသွားရန် အကြောင်းဖန်လာလေသည်။ ယခုတစ်ခေါက် ခရီးစဉ်က ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ဆမီး၊ ပလက်၀မြို့များမှတစ်ဆင့် ပြည်နယ်မြို့တော် ဟားခါးသို့သွားရန် ဖြစ်သည်။

 

ချင်းပြည်နယ် မင်းတပ်သို့

 

စာရေးသူတို့ သတင်းသမားများသည် ရန်ကုန်မှ ပခုက္ကူသို့ စတင်ထွက်ခွာ၍ ထိုမှတစ်ဆင့် ပခုက္ကူ-ပေါက်-ပုံတောင်-ပုံညာ(ယော၊ ဆောနယ်) မှ ချင်းပြည်နယ်အစ မင်းတပ်သို့ ထွက်ခွာခဲ့ကြသည်။ ပခုက္ကူ-ပုံတောင်-ပုံညာခရီးတစ်လျှောက် ပူပြင်းလှသော်လည်း လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန် ချောမွေ့စေရန်အတွက် ပူပြင်းသည့်နေရောင်အောက်တွင် လမ်းပြင်၊ လမ်းချဲ့ခြင်းအလုပ်လုပ်နေကြ သော လမ်းလုပ်သား အမျိုးသမီး၊ အမျိုးသားများကို တွေ့ရသည်။ နက်စောက်လှသော ချိုင့်ဝှမ်းကြီး များ၊ မြင့်မားလှသည့်တောင်စဉ်များ ကာရံထားသည့် တောင်ခါးပန်းလမ်းလေးမှ စာရေးသူတို့ ကားလေးက ချင်းပြည်နယ် မင်းတပ်မြို့လေးဆီသို့ တရွေ့ရွေ့နှင့် ခရီးနှင်လျက်...။

 

မင်းတပ်မြို့က “Hornbill Chin Coffee”

 

mdn

 

ချင်းပြည်နယ် မင်းတပ်ရောက်တော့ ချင်းရိုးရာအငွေ့ အသက်များပါဝင်နေသည့်အပြင် ဥရောပ အပြင်အဆင်နှင့် ချစ်စရာကောင်းလှသည့် ကော်ဖီဆိုင်လေးက စာရေးသူတို့ အဖွဲ့ကို ဆွဲဆောင် နေသည်မို့ ခေတ္တဝင်ရောက်ခဲ့သည်။ ဆိုင်နာမည်က “Hornbill Chin Coffee” တဲ့လေ...။ အောက်ချင်းငှက် ကော်ဖီဆိုင်လေးပေါ့။ စာဖတ်ဝါသနာ ပါသူများအတွက် ဖတ်ရှုစရာစာအုပ် တွေပါထားရှိသည့် ချစ်စရာဆိုင်လေးအဖြစ် ခံစားရ၍ စပ်စုလိုစိတ်ဖြင့် မေးမြန်းကြည့်တော့ ဆိုင်ရှင်က ဆလိုင်းမာဟုန်း အမည်ရသည့် ချင်းလူငယ်တစ်ဦး။

 

ကိုမာဟုန်းတစ်ယောက် ၂၀၁၄ လောက်က မြန်မာနိုင်ငံ ကော်ဖီအသင်းဥက္ကဋ္ဌ ဦးရဲမြင့်နှင့်စတွေ့ ပြီး ယခုကဲ့သို့ ချင်းပြည်နယ်တွင်ထွက်ရှိသည့်ကော်ဖီကို နည်းစနစ်ကျကျ အရည်အသွေးမြှင့် ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်သည်။ ကိုမာဟုန်းသည် ယခုအခါ ချင်းပြည်နယ်၏ ဂုဏ်ပုဒ်တစ်ခုကို ဆောင်နိုင်တော့မည့် မင်းတပ်မြို့၏ “Hornbill Chin Coffee” စက်ရုံပိုင်ရှင် စွန့်ဦးတီထွင် လူငယ်တစ်ဦးပင် ဖြစ်နေချေပြီ။

 

“ကော်ဖီကို ကျွန်တော်က မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေမှာ တောင်သူတွေစိုက်ပျိုးတဲ့ ကော်ဖီကိုပဲယူတယ်။ ကော်ဖီလုပ်တဲ့အချိန်မှာ အခက်အခဲကတော့ အများကြီးပါပဲ။ စိုက်ပျိုး တောင်သူတွေက နည်းစနစ်ကျကျခူးတတ်တဲ့ အလေ့အကျင့်မရှိသေးတာရယ်ကြောင့် စနစ်တကျ ခူးတတ်ဖို့နဲ့ အမှည့်သီးတွေကိုပဲ သက်သက်ရွေးပြီး နှစ်ကြိမ်၊ သုံးကြိမ်လောက်ခူးဖို့ ပြောနေရတယ်။ ဒီဆိုင်ကကော်ဖီကို ပြီးခဲ့တဲ့နှစ်မှာ ဆွစ်ဇာလန်ဘက်ကို တစ်တန်၊ တန်ဝက် စသည်ဖြင့် ပို့နေရတာ တွေရှိတယ်။ ပြီးခဲ့တဲ့လမှာတော့ အမေရိကက တစ်ယောက် လာသွားတယ်။ ကျွန်တော့်ကို ကိုလံဘီယာနိုင်ငံကထွက်တဲ့ ကော်ဖီတွေ လက်ဆောင်ပေးသေးတယ်။ ကိုလံဘီယာနိုင်ငံနဲ့ ဘရာဇီးလ် ဘက်မှာထွက်တဲ့ကော်ဖီတွေက မြေဩဇာရဲ့ ထိန်းသိမ်းမှုလျော့ကျနေပြီ။ ကော်ဖီအထွက်နှုန်းက မြန်မာ နိုင်ငံက အလားအလာရှိတယ်လို့ အမေရိကဘက်မှာ ပြောသံကြားတယ်။ ဒီကကော်ဖီ နှစ်ကီလိုဂရမ်လောက်ဝယ်သွားတယ်။ ဟိုမှာအရည်အသွေးစမ်းမယ်။ ပြီးရင် ထပ်လာဖို့ရှိတယ်။ ကျွန်တော့်ကိုလေ့လာရေးအနေနဲ့ခေါ်ဖို့ ပြောထားတာလေး လည်းရှိတယ်” ဟု ကိုမာဟုန်းက ဆိုသည်။

 

ယခင်က နည်းပညာအခက်အခဲကြောင့် ချင်းပြည်နယ်ရှိ ကော်ဖီသီးများသည် အပင်ပေါ်တွင်သာ ရင့်မှည့်၍ ဈေးကွက် ပျောက်နေခဲ့ရသည်။ စွန့်ဦးတီထွင်လူငယ် ကိုမာဟုန်းကတော့ ချင်းပြည်နယ်၏ အဓိကထွက်ကုန်သည် ကော်ဖီဖြစ်လာရန်နှင့် နိုင်ငံခြားသို့တင်ပို့ရောင်းချ၍ နိုင်ငံခြားဝင်ငွေရရှိရန် မျှော်မှန်း ထားပြီး ချင်းကော်ဖီသာမက ချင်းကော်ဖီဝိုင်ကိုပါ ထုတ်လုပ်နေသည်။

 

စာရေးသူတို့အဖွဲ့ မင်းတပ်မှတစ်ဆင့် မတူပီမြို့သို့ ဆက်လက်ထွက်ခွာလာသည့်အခါ မင်းတပ်-မတူပီ ကားလမ်းမှ နေ၍ ခေါနုစုန်မ် အမျိုးသားသဘာ၀ဥယျာဉ်ကို လှမ်းမြင်တွေ့ ခဲ့ရသေးသည်။ မင်းတပ်-မတူပီ ကားလမ်းဘေးတစ်လျှောက်တွင် သဘာဝအတိုင်းနီးပါးတည်ရှိနေသည့် တောတောင်သဘာ၀ ရှုခင်းနှင့် နိုဝင်ဘာလတွင်မှ တစ်တောလုံးတစ်တောင်လုံးနီရဲစွာ ပွင့်လန်းလာမည့် ချင်းပြည်နယ်၏ ပြယုဒ် တောင်ဇလပ်ပင် များက အစီအရီ...။

မတူပီစိုက်ခင်းသို့

 

mdn

 

ချင်းပြည်နယ် မတူပီမြို့ရောက်တော့ သွားရောက်လည်ပတ် ဖြစ်သည်က အသက် ၆၅ နှစ်ရှိပြီဖြစ် သည့်တိုင် ခြံစိုက်သည့် အလုပ်ကို တစ်ဦးတည်းလုပ်ကိုင်နေသည့် အနူး(အဘွား) Pi AaKuem (ပီအာကုမ်း) ၏ ခြောက်ဧက ကျယ်ဝန်းသော ခြံစိုက်ခင်းသို့...။

 

နူးခြံထဲတွင် ၀ ဥ၊ ထောပတ်၊ သရက်၊ နာနတ်၊ သံပရာ၊ မာလကာ၊ သင်္ဘော၊ ပန်းရှောက်သီး အစရှိသည့် သီးပင် စားပင်များက အစုံအလင်...။ အဆိုပါခြံကို အနူးလုပ်ကိုင်လာသည်မှာ ၃၂ နှစ် ရှိပြီဖြစ်ကာ ခြံမှရသည့်ဝင်ငွေဖြင့် သားသမီး ကိုးဦးကို ဘွဲ့ရသည်အထိ ကျောင်းထားနိုင်ခဲ့သည်ဟု အနူး (Pi AaKuem) က ပြောပြသည်။

 

“ဒီခြံလုပ်ဖြစ်တာ ၃၂ နှစ်ရှိပြီ။ သားသမီး ကိုးယောက် ရှိတယ်။ သားသမီးတွေအကုန် ဘွဲ့ရတယ်။ ဒီကရတာနဲ့ပဲ ကျောင်းထားတာ။ ပညာရေး၊ ကျန်းမာရေး၊ အကုန်လုံးပဲ။ ခြံစိုက်တဲ့အလုပ်နဲ့ပဲ အသက်မွေးတယ်။ အခြားစီးပွားရေး မလုပ်ဘူး။ ခြံကထွက်တာရယ် အဓိကကတော့ ၀ဥနဲ့ ထောပတ်ကရတာတွေနဲ့ပဲ ရပ်တည်တယ်။ အခုတော့ လင်မယားနှစ်ယောက်ပဲရှိတော့တယ်” ဟု အနူး (Pi AaKuem) က ဆိုသည်။

 

နူးတစ်ယောက် ယခု ဇူလိုင်လတွင် ၀ဥ ပျိုးပင်ကို စိုက်ပျိုးရတော့မည်ဖြစ်ပြီး ၀ဥနှင့် ထောပတ်သီးမှရရှိသည့် ဝင်ငွေသည် မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနိုင်လေသည်။

 

“၀ဥ နဲ့ ထောပတ်သီးရောင်းတာကရတဲ့ ငွေနဲ့စားတယ်။ ၀ ဥကိုစိုက်တာ နှစ်တိုင်း ပေါင်းရှင်းပေးရတယ်။ တစ်ခါဖော်ရင် ပိဿာ ၈၀၀၊ ၁၀၀၀ လောက်ရတယ်။ တစ်နှစ်ကို သိန်းလေးဆယ် လောက်ရတယ်။ ထောပတ်စိုက်တာ ဝင်ငွေက တစ်နှစ်ကို ၁၈၀၀၀၀ လောက်ဝင်တယ်” ဟု အနူး (Pi AaKuem)က ပြောသည်။

 

ခင်ပွန်းဖြစ်သူ အသက် ၆၉ နှစ်ရှိ အဘိုး ဦးစံတိုးတစ်ယောက် လေဖြတ်နေ၍ ခြံအလုပ်ကို လုပ်ကိုင်နိုင်ခြင်းမရှိသော်လည်း အနူး (Pi AaKuem) ကတော့ ခြံစိုက်ခင်းကို တစ်ဦးတည်း ဦးဆောင် လုပ်ကိုင်နေလေသည်။

 

မိမိတို့အဖွဲ့ ခြံမှအပြန် အနူး (Pi AaKuem) ပြောလိုက် သည့်စကားတစ်ခွန်းက “ခြံထဲမှာပဲပျော်တယ်။ အိမ်မှာ မပျော်ဘူး...။”

 

၀ဥ ခေါ် ဖျံဥသည် ချင်းပြည်နယ်၏ အဓိကထွက်ကုန်တစ်ရပ် ဖြစ်လာနေပြီး ရှေးယခင်က သစ်တောများအတွင်း သဘာဝအလျောက်ပေါက်သော ၀ဥကို ရှာဖွေရယူသော်လည်း ယခုအခါ “၀ဥကို ချင်းပြည်နယ်၌ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေပြီဖြစ်သည်။ ယခုအခါ ကုန်သည်များသည် ချင်းပြည်နယ်ရှိ ၀ဥ ကိုအခြောက်သာမက ၀ဥ အစိုကိုပင် ဝယ်ယူ၍ တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိသည်။ ထို့အတူ အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်သည့် ကော်ဖီနှင့် ထောပတ်သည်လည်း နည်းစနစ်မှန်ကန်စွာ စနစ်တကျစိုက်ပျိုးနိုင်ပါက နိုင်ငံခြားဝင်ငွေရရှိမည့် ဈေးကွက်သစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

 

အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်းနေထိုင်ရာ ဘွေလီရွာ

 

စာရေးသူတို့အဖွဲ့ ဆက်လက်ထွက်ခွာဖြစ်သည့်နေရာကချင်းသူရဲကောင်းတစ်ဦး အခြေချနေထိုင်ခဲ့ရာ ဒေသလေးသို့ ဖြစ်သည်။ ထိုနေရာကား နိုင်ငံတော်မှပေးအပ်သည့် နိုင်ငံတော်၏ ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့တံဆိပ်ရရှိခဲ့သည့် ချင်းတိုင်းရင်းသား ဗိုလ်သူရ အောင်ဆန်းသူရိယတိုက်ချွန်း နေထိုင်ရာ ဘွေလီရွာ...။ နိုင်ငံတော်၏ ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံး ဖြစ်သော အောင်ဆန်းသူရိယဘွဲ့တံဆိပ်ရရှိသူ ခြောက်ဦးရှိခဲ့ပြီး အဆိုပါအမြင့်ဆုံးဆိုင်ရာ ဘွဲ့တံဆိပ် ကို ဗိုလ်တိုက်ချွန်း တစ်ဦးတည်းသာ အသက်ရှင်လျက်ရရှိခဲ့သူဖြစ်သည်။

 

ချစ်စရာကောင်းသည့် ဘွေလီရွာလေးသည် မတူပီမြို့နှင့် ဆမီးမြို့အကြားတွင်တည်ရှိပြီး တောင်တန်းများ ကာရံထား သည့်အလယ်တွင် တည်ရှိနေသော မြေပြန့်လွင်ပြင်လေး တစ်ခုဖြစ်သည်။ ကြည်လင်ကာ တသွင်သွင်စီးနေသော ချောင်းကလေး၊ လယ်ကွင်းစိမ်းစိုစိုနှင့် စိမ်းညို့သော တောင်တန်းများအကြားတွင် တည်ရှိနေသော ဘွေလီရွာ ကလေးကား လွမ်းမောစရာ...။

 

၁၉၆၆ ခုနှစ်တွင် အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းသည် ဇနီးသည်များဖြစ်ကြသည့် မချင်းနှင့် မရှမ်းတို့ကိုခေါ်ကာ သားသမီးများနှင့် နေချင့်စဖွယ်ကောင်းလှသည့် ဘွေလီရွာ ကလေးကို စတင် တည်ထောင်ကာ အခြေချနေထိုင်ခြင်း ဖြစ်သည်ဟု တပ်မတော်သားဟောင်းတစ်ဦးဖြစ်သူ ဗိုလ်တိုက်ချွန်း၏သား ဦးဂျိုးဇက်ထံမှ သိရသည်။

 

“ကျွန်တော့်အဖေက ဘွေလီရွာကို ၁၉၆၄ ခုနှစ်မှာ ရောက်တယ်။ စနေတုန်းက သူမွေးတဲ့ရွာ မတူပီမှာနေတယ်။ နောက်တော့ ဒီနေရာ မြေယာကောင်းတယ်။ ရေကောင်းတယ်ဆိုပြီး ၁၉၆၆ ခုနှစ်မှာ စတည်တယ်။ အဖေနဲ့အတူ ဒီမှာနေတုန်းက အမေချင်းနဲ့ အမေရှမ်းက ညီအစ်မအရင်းအချာ လိုပဲ နေကြတယ်။ ချစ်ချစ်ခင်ခင် သားသမီးတွေ တစ်စုတစ်စည်းနဲ့ပေါ့။ တစ်အိုးတည်းတစ်အိမ်တည်း စားကြတယ်။ သောက်ကြတယ်။ အဖေဆုံးတော့ ဒီလိုပဲ တကွဲတပြားဖြစ်ကုန်တာပေါ့။ အဖေရှိစဉ်မှာ တော့ အဖေ့မေတ္တာကြောင့် ကျွန်တော့် အမေနှစ်ယောက်ရော၊ သားသမီးတွေအားလုံးရော ချစ်ချစ် ခင်ခင်နဲ့ နေကြတယ်။ အခု အမေရှမ်းရဲ့ အငယ်ဆုံးသားက ကျွန်တော့်ဆီမှာ ပြန်လာနေတယ်။ ဒီမှာပဲနေတယ်” ဟု ဦးဂျိုးဇက်က ပြောသည်။

 

ဇနီးသည်များဖြစ်ကြသည့် မချင်း၊ မရှမ်းတို့နှင့် အတူတူနေထိုင်ကာ သားသမီး ၁၄ ဦး ထွန်းကားခဲ့သည့် ချင်းတိုင်းရင်းသား ဗိုလ်သူရအောင်ဆန်းသူရိယတိုက်ချွန်း သည် ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ အမှတ်(၂)တပ်မတော်ဆေးရုံတွင် အစာအိမ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

 

ဗိုလ်တိုက်ချွန်း ရွာကလေးမှအပြန် မတူပီ-ဆမီး-ပလက်၀ လမ်းပေါ်ရှိ ဘွေလီတံတားအား ငေးကြည့်ရင်း ဗိုလ်တိုက်ချွန်း တံတားဟု နာမည်ပေးပြီး ခရီးသွားလုပ်ငန်း မြှင့်တင်လုပ်ကိုင် လိုက်လျှင် ကောင်းလေစွဟု အတွေးဝင်မိသည်။

 

အိမ်ခြေ ၄၀ ခန့်ရှိ ဘွေလီရွာလေးနှင့် မလှမ်းမကမ်းတွင်တော့ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း အထိမ်းအမှတ် ကမ္ပည်းကျောက်စာတိုင်လေးက စာရေးသူတို့ကို လက်ပြနှုတ်ဆက်နေသယောင်...။

 

အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း ကွယ်လွန်သည်မှာ ဆယ်စုနှစ် သုံးစုကိုကျော်လေပြီ။ ဗိုလ်တိုက်ချွန်း ဒုတိယမြောက် သား ဦးဂျိုးဇက်ပင် အသက် ၅၆ ထဲရောက်ရှိနေလေပြီ။ ဦးဂျိုးဇက် သည်ပင် တပ်မတော်တွင် ၁၂ နှစ်ကြာ အမှုထမ်းခဲ့ပြီး ယခုအခါ ဗိုလ်တိုက်ချွန်းထားခဲ့သည့် လယ်ယာမြေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေသည်။

 

ခင်က ရက်ရှည်လများသွားလာရသည့် ချင်းတောင်တန်း များရှိ မြို့ရွာများဆီသို့ ရက်ပိုင်းအတွင်း ခြေချသွားလာနိုင်ခဲ့သည်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု တို့ကြောင့်ပင် ဖြစ်သည်။ ချင်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ တဖြည်းဖြည်းအရှိန် ယူကာ လျှောက်လှမ်းလျက်ရှိနေသော်လည်း လျှပ်စစ်မီးရရှိရန် ခက်ခဲမှု၊ သောက်သုံးရေ လုံလောက်စွာ မရရှိမှုများ ရှိနေသေး၍ စက်မှုဇုန်များတည်ထောင်ကာ စက်ရုံကြီးများလည်ပတ် နိုင်မည့်အခြေအနေ တစ်ရပ်ရရှိအောင် ဆောင်ရွက်ရပေ လိမ့်ဦးမည်။ စာရေးသူတို့အဖွဲ့သည် အသက်ရှင်ကျန်နေ သေးသည့် အသက် ၈၇ နှစ်ရှိပြီဖြစ်သော ဗိုလ်တိုက်ချွန်း၏ဇနီး အနူး (အဘွား) မချင်းကိုနှုတ်ဆက်ကာ ရှေ့သို့ခရီးဆက်လေပြီ။ ဦးဂျိုးဇက် တစ်ယောက်ကတော့ ကားအနီးထိလိုက်လာကာ စာရေးသူတို့ အဖွဲ့အားလက်ပြလျက်...။ မြင်ကွင်းကား တဖြည်းဖြည်း ဝေးကျန်လေပြီ...။ မိမိတို့အဖွဲ့လည်း ဆမီး မြို့သစ်မှတစ်ဆင့် ချင်းပြည်နယ်၏ အစွန်ဆုံးပလက်၀မြို့ဆီသို့ ထွက်ခွာခဲ့လေပြီ...