ချင်းတောင်တန်းပေါ်က ရွှေကြာပန်းတစ်ပွင့် (သို့မဟုတ်) ဆူရ်ဘုန်လေယာဉ်ကွင်း

ဆလိုင်းဒေးဗစ်

 

The Longest day ရုပ်ရှင်ကားကို ကြည့်မိသည်။ ထိုကားတွင် မဟာမိတ်တပ်များက နော်မန်ဒီကမ်းခြေအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သော ဒုတိယကမ္ဘာစစ်ကို အခြေခံသည့် ရုပ်ရှင်ကားဖြစ်ပါသည်။ ၁၉၆၂ ခုနှစ်ခန့်က ရိုက်ကူးခဲ့သည်ဟု သိရသည်။ ထိုရုပ်ရှင်ကားတွင် စစ်ဆင်ရေးအပြင် နယ်မြေတစ်ခုဆီသို့ လျင်မြန်စွာရောက်နိုင်သော လေယာဉ်ပျံများ၏ အရေးပါပုံကို သတိထားမိသည်။ စက်လေယာဉ်ပျံများကား ကမ္ဘာကြီး၏ မြေကြောကိုရှုံ့၍ ခရီးနှင်နိုင်သော သိပ္ပံပညာ၏ အောင်မြင်မှုတစ်ခုဖြစ်သကဲ့သို့ ယခုအခါ ခေတ်မီတိုးတက်နေသော ခေတ်တွင် လေယာဉ်ပျံ၏ အခန်းကဏ္ဍ အလွန်အရေးပါသည်ဆိုလျှင် မည်သူမျှ ငြင်းပယ်နိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၇ ကွင်းရှိသည်ဟု သိရသည်။ ချင်းပြည်နယ်ကဲ့သို့ တောင်တန်းထူထပ်သော နေရာကား လေယာဉ်ကွင်းဆောက်လုပ်မည်ဆိုပါက အချိန်မီ အလွယ်တကူ လူသက်သာစွာ သွားလာနိုင်၍ အလွန်ပင်သင့်တော်လှပေသည်။ အခြားကမ္ဘာ့နိုင်ငံများ၌လည်း တောင်ပေါ်ဒေသများနှင့် လေယာဉ်ကွင်းများ ဖောက်လုပ်ထားရှိသုံးစွဲလျက်ရှိကြသည်။ ။

 

ချင်းပြည်နယ်သည် ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပြည်နယ်တစ်ခုအဖြစ် ထင်ရှားခဲ့သော်လည်း ယခုအခါတွင် အခြေအနေသည် လုံးဝပြောင်းလဲခဲ့ရပြီဖြစ်သည်။ ယနေ့နိုင်ငံတော် အစိုးရ၏ အဘက်ဘက်မှ အားပေးကူညီပံ့ပိုးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာခဲ့ရပြီ ဖြစ်ပါသည်။ ယခင်က ကလေးမှ သိုင်းငင်၊ ဖလမ်း၊ ဟားခါးမြို့ အား ညအိပ်ရပ်နားပြီးမှ သွားခဲ့ရသော်လည်း ယခုအခါ တိုးတက်ကောင်းမွန်လာသော ကတ္တရာလမ်းများကြောင့် ကားငယ်နှင့် ခုနှစ်နာရီခန့်ဖြင့် သွားလာနိုင်ခဲ့ပြီဖြစ်ပါသည်။ အလားတူပင် ဂန့်ဂေါ၊ ဟားခါးလမ်း ၈၆ မိုင်အားနှစ်ညအိပ်ခန့် သွားလာရသော်လည်း ယခုအခါ လေးနာရီမျှဖြင့် သွားလာနိုင်ပြီဖြစ်ပါသည်။ အလားတူပင် ဟားခါး - ထန်တလန် ၂၄ မိုင်အား ကားငယ်နှင့် တစ်နာရီဖြင့် သွားလာနိုင်ပြီး လမ်းများကောင်းမွန်လျက်ရှိသည်။ ဟားခါး-ဆတ္တား၊ ရေဇရွာ - မတူပီ ၁၇ မိုင် ၃ ဖာလုံမှာလည်း ယခင်က ညအိပ်သွားရသော်လည်း ယခုအခါ ကားငယ်ဖြင့် ၁၀ နာရီခန့်နှင့် သွားရောက်နိုင်ခြင်းကြောင့် ခရီးလမ်းက တိုတောင်းသွားခဲ့ပြီဖြစ်ပါသည်။ အချိန်ကုန် လူပင်ပန်းမှု သက်သာသွားခဲ့ရသည်မှာ နိုင်ငံတော်၏ ကြီးမားသောစေတနာကြောင့်ပင် ဖြစ်ပါသည်။ ယခုအခါ ချင်းပြည်နယ်၏ သဘာဝအလှအပများ၊ ချင်းတိုင်းရင်းသားတို့၏ ရိုးသားဖော်ရွေမှုများ၊ အံ့ဖွယ်ကောင်းသော ရိုးရာဓလေ့ထုံးစံများကြောင့် ယခုအခါ ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း သွေးချင်း တိုင်းရင်းသားများထံသို့ လာရောက်မှု များပြားလျက်ရှိပါသည်။

 

(ဆက်လက်ဖော်ပြပါမည်)