မင်းလပြည့်(ဟားခါး)

 

ယနေ့ကမ္ဘာကြီးပေါ်တွင် လူသားများသုံးစွဲနေသော ဆေးဝါးများအကြောင်း တွေးကြည့်လျှင် လေ့လာမကုန်နိုင်အောင် ပညာရပ်ဆိုင်ရာ တိုးတက်မှုများကို တွေ့ရှိရမည်ဖြစ်သည်။ အေဟန်းဆိုသူပုဂ္ဂိုလ်က ဂီတဟာ အသည်းကွဲနေသူ များရဲ့ဆေးဝါးပဲ ဟု ဆိုသည်။ နှလုံးသားအတွက် ဆေးဝါးလိုသလို ကျန်းမာရေးအတွက်လည်း ဆေးဝါးလိုပါသည်။ လူသားများ အသက်ရှင် ကျန်းမာရေးအတွက် ဆေးဝါးများသည် မရှိမဖြစ်လိုအပ်လှသည်။ ဆေးဝါးနှင့် ကင်းကွာ၍ မရနိုင်ပေ၊ သဘာဝအရ အဖိုးတန်ပစ္စည်းများကို တောတောင် လူသူကင်းဝေးသောနေရာများတွင်သာ ရနိုင်သကဲ့သို့ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် ချင်းတိုင်းရင်းသားတို့ စုဝေးနေထိုင်ကြသော ချင်းတောင်တန်းပေါ်တွင်လည်း သဘာဝအစွမ်းထက်သော နတ်ဆေးဂမုန်းပင်များကို ရရှိနိုင်သည်။ ထိုနတ်ဆေးဂမုန်းကို လူသိများစေ၍ ဖော်ထုတ်ပေးသူကား ပျံလွန်တော်မူခဲ့သော ဖလမ်းမြို့ တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရဆရာတော်ကြီးပင် ဖြစ်သည်။ ဆရာတော်က ဖလမ်းမြို့နယ် လုံပီးလေးရွာတွင် သီတင်းသုံးရင်း ပျံလွန်တော်မူခဲ့သည်။ ဂေါ်ရခါးရွာအနီး၌လည်း တည်ရှိသည်။ နတ်ဆေးဂမုန်းကို တောင်ဆိတ်များ ဒဏ်ရာရလျှင် ဆေးဝါးပင်များကို သွားရောက် စားသောက်ကြ၍ ဒေသခံချင်းတိုင်း ရင်းသားတို့က တောင်ဆိတ်ဆေးပင်ဟုလည်း ခေါ်ကြသည်။ ဂေါ်ရခါးအမည် ပါးခန်းဘက်ဟူ၍လည်း ခေါ်ကြသည်။ ရုက္ခဗေဒအမည်အရ Saxi Frage ဟု သတ်မှတ်ပြီး နှစ်ရှည်ခံပင်ဆေးဖြစ်သည်။ ပင်စည်မှာ နှစ်ရှည်လျှင် အတန် ငယ်မာသည်။ ပင်စည်မှာ အပင်တစ်လက်မမှ ၁ ဒသမ ၅ လက်မရှိသည်။ မြင့်မားသော တောင်တန်းများ၊ အေးမြသော ဒေသများတွင် ပေါက်ရောက်သည်။ အရွက်ကြီးပြီး စက်ဝိုင်းပတ်လည်ထွက်သည်။ အရွက်မှာဝိုင်းပြီး တစ်ပေနီး ပါးရှိကာ အလျားတစ်ပေကျော်ကျော်ရှိသည်။ အရွက်အပေါ်မျက်နှာပြင်မှာ ကျောက်စိမ်းရောင်တောက်ပြီး အောက်မျက်နှာပြင်အရောင်မှာ ဖျော့သည်။ အရွက်အနားတွင် အရွက်ကလေးများ ခပ်ကျဲကျဲပါရှိသည်။ အရွက်မှာ ၁ ဒသမ ၅ မှ လေးလက်မခန့်ထိ ရှည်သည်။ ရွက်နုများမှာအနီရောင်သန်းပြီး အရွက်နုပိုမိုပါရှိသည်။ ပင်စည်မှ ပန်းခိုင်ရှည်ထွက်သည်။ ပန်းရောင်ပွင့်ကလေးများ ခပ်စိပ်စိပ်အခိုင် လိုက်ပွင့်ပြီး ပွင့်ရွက်ငါးခုပါရှိကာ ဝတ်မှုန်များလည်း ပါကြောင်း သိရသည်။ ဆရာတော် အရှင်ဦးဥတ္တမသာရ၏ မိန့်ဆိုချက်အရ ဂမုန်းမျိုးနွယ်ဖြစ်ပြီး အသက်ရှည်စေခြင်း၊ ဆံပင်မဖြူ၊ သွားမကျိုးစေဘဲ အရွယ်ကိုနုပျိုစေခြင်း၊ လူကြီးလူငယ်မရွေး စားသုံးနိုင်ခြင်း၊ စားဝင်အိပ်ပျော်စေခြင်းတို့ရှိကြောင်း သိရ သည်။ ဂမုန်းပင် သုံးထောင်လောက်ရှိပြီး ကောင်းကင်ဂမုန်းအမျိုးအစားပင် ဖြစ်သည်။ တစ်ချိန်က ချင်းတောင်တန်းပေါ်သို့ တိဗက်မှ ဆေးဆရာကြီးများ ရောက်ရှိလာကာ နတ်ဆေးဂမုန်းအား ရှာဖွေရာ၌ ဒေသခံဂေါ်ရခါးလူမျိုးများက သိရှိရှာဖွေစားသုံးရာမှ ကျယ်ပြန့်စွာ သိရှိလာရခြင်း ဖြစ်သည်။ ဆီး၊ ဝမ်း၊ သွေး၊ လေ၊ အစာအိမ်၊ ပန်းသေ၊ ပန်းညှိုး၊ အူကျရောဂါ၊ ကိုယ်တစ်ခြမ်းသေ၊ အကြောသေ၊ ပန်းနာရောဂါတို့ကိုလည်း ပျောက်ကင်း စေသည်။ ဝသူကို အသားကျစ်စေသည်။ ပိန်သူကို ဝဖြိုးစေသော အာနိသင်ရှိသည်။

 

အသုံးပြုပုံ

 

အရွက်စိမ်းကိုသုပ်စားပါက သွေးတိုးနှင့် နားလေထွက်ရောဂါကိုပျောက် ကင်းစေသည်။ အရွက်ခြောက်ကို ကျိုသောက်ပါက ဆီးပူ၊ ဆီးချုပ်၊ ဆီးအောင့်၊ ဆီးကျန်ညောင်းကျရောဂါများ ပျောက်ကင်းစေသည်။ အသားဆွေး၊ အနာဆွေး များဖြစ်လျှင် နတ်ဆေးဂမုန်းအပင်ရိုးအမှုန့်၊ မဖောက်ထုံးနှင့် ငရုတ်ကောင်းမှုန့် ကိုရော၍ အနာတွင်ထည့်၍ ပတ်တီးစည်းပါက ပျောက်ကင်းစေသည်။ ထို့အပြင် သွားကိုက်၊ သွားနာ၊ သွားနဲ့၊ သွားဖုံးရောင်ခြင်းဖြစ်လျှင် အိမ်ရာဝင်ခါနီး နတ်ဆေး ဂမုန်းအခြောက်ကိုငုံထားပြီး အမြစ်ကိုရေကျဲကျဲဖြင့်ပြုတ်၍ ငုံပေးပါက အိပ်ရာ ထလျှင် ပျောက်ကင်းစေသည်။ ထိုမျှသာမက မီးပူ၊ ရေနွေးပူလောင်ပါက နတ်ဆေးဂမုန်းအရွက်အရိုးကို ရေနှင့်သွေး၍ လိမ်းပေးပါကအနာမဖြစ်ဘဲ သက်သာ ပျောက်ကင်းစေသည်။ ပန်းနာရင်ကျပ်၊ သွေးတိုး၊ သွေးဝမ်း၊ လိပ်ခေါင်း၊ မောပန်းနာ၊ ခြေအေး၊ လက်အေး၊ ကိုယ်လက်လေးလံခြင်း၊ ခေါင်းမူး၊ မျက်စိဝေခြင်း၊ အစာမကြေ၊ ဝမ်းကိုက်၊ လေထိုးလေအန်၊ လေပူထခြင်း၊ လေပြင်းခံခြင်း၊ မောပန်းလွယ်ခြင်း၊ စားမဝင်အိပ်မပျော်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ မီးယပ်သွေးမမှန်ခြင်း၊ သွေးဆုံးရောဂါများဖြစ်ပါက နတ်ဆေးဂမုန်းအခြောက်မှုန့် နှစ်ကျပ်သား၊ ပျားရည် ၅၀ ကျပ်သား၊ ထောပတ် ၂၅ကျပ်သားကို ဖန်ဘူးတွင် သမအောင်ရော၍ နေတစ်ရက်လှန်း၊ အေးလွန်းသောရာသီတွင် နေပူချိန်၌ မကြာခဏထုတ်လှန်း၍ သမအောင် ကြာကြာမွှေကာ စားသုံးကြည့်၍ ဖန်သော အရသာရှိပါက ပျားရည်နှင့် ရောနှောနေလှန်း၍ စားသုံးပါက ရောဂါများပျောက်ကင်းကြောင်း သိရသည်။ နတ်ဆေး ဂမုန်း၏ အမြစ်တွင် Bergenin၊ tannicacid၊ Sallic acid၊ glucose mucilage နှင့် starch ဒြပ်ပေါင်းများ ပါဝင်နေ၍ အစွမ်းထက်သော ဂမုန်းပင်ဖြစ်သည်။

 

စားသုံးနည်း

 

နံနက်နှင့် ညနေလျှင် နှစ်ကြိမ် ဇွန်းငယ် တစ်ဇွန်းကျစားရပေသည်။ နူနာ ရောဂါသည်များအတွက် ကြေးဇွန်းကြီးနှင့် တစ်ဇွန်းကျ တစ်နေ့သုံးကြိမ်စားပေး ရသည်။ အနာကြီးရောဂါမှလွဲ၍ တစ်နေ့လျှင်သုံးကြိမ်စားရန် မလိုကြောင်း သိရသည်။ ဆေးစားပြီးပါကရေနွေး၊ ရေအေးကြိုက်ရာ ဝလင်စွာသောက်ပြီး ငါးမိနစ်ခန့် ငြိမ်ငြိမ်နေပေးခြင်းဖြင့် ဆေးအာနိသင်ကောင်းမွန်၍ ရောဂါများ ပျောက်ကင်းကြောင်း သိရသည်။ လည်ပင်းနှင့် အစာအိမ်ကင်ဆာများပါ လက်တွေ့ပျောက် ကင်းကြောင်း သိရသည်။ နွားနာ၊ ကျွဲနာများကို နတ်ဆေးဂမုန်းလှီးပြီး အခြောက် အနည်းငယ်ကို ရေနှင့် ကျိုတိုက်ခြင်းဖြင့် ပျောက်ကင်းကြောင်း သိရသည်။ ခန္ခာကိုယ်၌ မီးလောင်ပါက နတ်ဆေးဂမုန်းလှီးပြီး အခြောက်ကိုရေနှင့် သွေး၍ လိမ်းပေးပါက အနာမဖြစ်ဘဲ ခဏတွင်းပင်ပျောက်ကင်းစေကြောင်း သိရသည်။ နတ်ဆေးဂမုန်းအား ဖလမ်းမြို့နှင့် ဟားခါးမြို့အပြင် ချင်းပြည်နယ်ရှိ မြို့နယ်များ၊ အိမ်များတွင် စိုက်ပျိုးထားလေ့ရှိသည်။ ဟားခါးမြို့ရှိ သုခိတာရုံသီလရှင် ပရိယတ္တိစာသင်တိုက်အတက် ဦးဇဟူးအိမ်တွင်လည်းကောင်း၊ ပြည်နယ်တိုင်း ရင်းဆေးရုံတွင်လည်းကောင်း၊ ဈေးသစ်ရပ်ကွက်ရှိ ဦးဂျုံး၊ ဒေါ်နွယ်တို့၏ ချယ်ရီ ဟားခါးစားသောက်ဆိုင်တွင်လည်းကောင်း ကျောက်နံရံကိုကပ်၍ နတ်ဆေးဂမုန်းကို စိုက်ပျိုးထားကြောင်း တွေ့ရှိရသည်။ နတ်ဆေးဂမုန်းပင်ကား ကျောက်နံရံတွင်း သာ ပေါက်လေ့ရှိသဖြင့် အာနိသင်ကောင်းမွန်သည်။ တိုးတက်လာသောကမ္ဘာကြီး ရှိ လူသားများ၏ အစားအသောက်၊ အနေအထိုင်ပြောင်းလဲမှုကြောင့်နှင့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ရောဂါဖြစ်ပွားမှုများ တိုးပွားနေသော အချိန်တွင် သဘာဝဆေးပင်များကို စိုက်ပျိုးခြင်း၊ စနစ်တကျသုံးစွဲခြင်းဖြင့် ရောဂါမျိုးစုံ၏အန္တရာယ်ကို ကာကွယ်ကြရမည်ဖြစ်သည်။ သို့မှသာ တန်ဖိုးရှိသော လူသားအရင်းအမြစ်များဆုံးရှုံးမှုမှ တားဆီးကာကွယ်နိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ပါ၍ အစွမ်းထက်သောဆေးအာနိသင်ကြွယ်ဝသော နတ်တို့ဖန်ဆင်း ကုသပေးသည့်အလား ပျောက်ကင်းစေသည့် နတ်ဆေးဂမုန်းအကြောင်းကို သိရှိသုံးစွဲနိုင်ပါရန် ဖော်ထုတ်ရေးသား လိုက်ရပါသည်။ ။