စေတုတ္တရာ ၁၆ စက်တင်ဘာ
ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများပြပွဲကို စက်တင်ဘာ ၁၅ ရက်က မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က ပြသခန်းမှာ ဒေသခံချင်း(၄) မျိုးရဲ့ ပစ္စည်း (၁၂၇)မျိုးကို ခင်းကျင်းပြသထားပါတယ်၊ ရောက်ရှိလာတဲ့ ဒေသခံတွေအနေနဲ့ ရိုးရာပစ္စည်းတွေပေါ်မှာ အလေးအနက်ထားတတ်ဖို့နဲ့ လူငယ်လူရွယ်များ ဒေသမှာရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းလိုစိတ်ရှိအောင် ရည်ရွယ်၍ ပြခန်းကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ ဒေသခံပြည်သူများမှ ပြခန်းခင်းကျင်းပြသထားရှိမှုအား စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြတဲ့အတွက် အရမ်းပဲ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးက ပြောသည်။
အဆိုပါ ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများပြပွဲတွင် ပြကွက်(၅) ကွက်ဖြင့် ပြသလျက်ရှိရာ ဒေသဆိုင်ရာ သတင်းအချက်အလက် ပြကွက်များအနေဖြင့် ဒေသမြေပုံ၊ အခြားသတင်း အချက်အလက်များ၊ ဘုတ်ပြား၊ ဗီနိုင်းများကို လည်းကောင်း၊ ဒေသတွင်း လူမျိုးစုံပြကွက်အနေဖြင့် ချင်းဝတ်စုံ၊ တဘက်၊ ကြေးဆွဲခြူးပုတီးလုံး၊ ကြေးလက်ကောက်၊ လက်စွပ်၊ ကြေးဆံထိုး၊ မင်းကျချင်းပုတီးများ၊ ချင်းရိုးရာ ကျောက်ပုတီး၊ ခေါင်ရေသောက် ကြိမ်ခွက်များ၊ ဒေသတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ပြကွက်အနေဖြင့် အင်းဝခေတ် မြေဆေးတံ၊ ကြေးလက်နက်၊ ကျောက်လက်နက်၊ ပျူဒင်္ဂါး၊ အရိုးပြာအိုးများ၊ ငွေကြေးဆိုင်ရာ ပြကွက်အနေဖြင့် အင်္ဂလိပ်ဒင်္ဂါးများ၊ ရှေးပိုက်ဆံများ၊ အခြားလူ့အသုံးအဆောင် ပစ္စည်းများ ပြကွက်အနေဖြင့် ဆွမ်းအုပ်၊ တောင်း၊ ဂမ္ဘီရ အစီအမံပစ္စည်းများ၊ ကွမ်းအစ်၊ ကြေးဆေးတံ၊ ခြင်္သေ့ရုပ်ပုံအလေး၊ ဟင်္သာအလေး၊ ဆေးထောင်းဆုံ၊ လက်ဖက်အုပ်များကိုလည်းကောင်း ကဏ္ဍစုံလင်စွာဖြင့် ပစ္စည်းအမျိုးပေါင်း (၁၂၇) မျိုးကို စက်တင်ဘာလ ကုန်အထိ ပြသဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်းကျင်းပြသထားသည့် ပစ္စည်းများအနက် (၅၃) မျိုးကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စေတုတ္တရာမြို့နယ်ရုံး ပြတိုက်ငယ်သို့ အပြီးအပိုင် လှူဒါန်းသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးထံမှ သိရသည်။
မျိုးမြတ်(မင်းဘူးပြန်/ဆက်)