ချင်းတိုင်းရင်းသားတို့၏ စိတ်ဝင်စားဖွယ်ရာ ရိုးရာလက်ထပ်ထိမ်းမြားခြင်း ဓလေ့

မင်းလပြည့် (ဟားခါး)

 

ချင်းတိုင်းရင်းသားတို့၏ ရိုးရာလက်ထပ် ထိမ်းမြားခြင်းဓလေ့မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ဟားခါးမြို့နယ် အတွင်းရှိ ချင်းအမျိုးသားများသည် လူငယ်ချင်း မေတ္တာမျှ၍ဖြစ်စေ၊ လူကြီးချင်း သဘောတူ၍ဖြစ်စေ ထိမ်းမြားလက်ထပ်ပြီးမှ အတူနေရသည်။ ထိမ်းမြားလက်ထပ်ခြင်း မပြုဘဲ ပေါင်းသင်းနေထိုင်ခြင်းကို ခွင့်မပြုပေ။ ပတ်ဝန်းကျင်ကလည်း အကြင်လင်မယားအဖြစ် အသိအမှတ်မပြုချေ။ ထို့ကြောင့် ချင်းဝိသေသတိုင်းရှိ ချင်းအမျိုးသားတိုင်းလိုလိုပင် တောင်းရမ်း လက်ထပ်ပြီးမှ ပေါင်းသင်းနေထိုင်လေ့ ရှိကြသည်။

 

မင်္ဂလာကြေး

 

တောင်းရမ်းရာတွင် မင်္ဂလာကြေး (အသွင်းဖိုး) ပေးကြရသည်။ အချို့မင်္ဂလာကြေးကို အကုန်မပေးနိုင်သဖြင့် နောက်မှ တဖြည်းဖြည်း ပေးဆပ်ရသည်လည်းရှိသည်။ မင်္ဂလာကြေးဆိုသည်မှာ အိမ်ထောင်ကျပြီးသည့်နောက် နှစ်ဦးပိုင်ဖြစ်လာရန် မဟုတ်ဘဲ သတို့သမီး၏မိဘအား အပြတ်ပေးလိုက်ရသော ကြေးမျိုးဖြစ်သည်။ မင်္ဂလာဆောင်အတွက် သတို့သမီး၏မိဘက သီးခြား လက်ဖွဲ့သည်။ မင်္ဂလာဆောင်ခြင်းကို သတို့သားအိမ်တွင် သို့မဟုတ် သတို့သမီး အိမ်တွင် ကျင်းပလေ့ရှိသည်။ မင်္ဂလာနေ့တွင် နေ့ပိုင်း၌ နှစ်အိမ်လုံးက ဧည့်ခံကျွေးမွေးပြီး ညပိုင်းတွင် သတို့သမီးအား သတို့သားအိမ်သို့ ပိုပေးရသည်။ သတို့သားသည် မိမိအိမ်တွင် ဧည့်ခံရင်း လာစောင့်ရသည်။ ကပွဲများလည်း ပြုလုပ်သည်။ အချို့သောဒေသများတွင် နောက်တစ်နေ့၌ပင် ဆက်လက်၍ ဧည့်ခံလေ့ ရှိသည်။ ဇနီးမောင်နှံသည် ခင်ပွန်း၏ မိဘအိမ်တွင် အိမ်ထောင်ခွဲနိုင်သည်အထိ နေထိုင်ကြသည်။ အိမ်ထောင်ခွဲအဖြစ် နေနိုင်ရန်လည်း ကြိုးစားကြသည်။

 

ချမ်းသာသောသူများသည် သစ်လွင်သော စောင်နှင့် ထဘီ အထည်ပေါင်း ၁၀၀ ဝယ်ယူ၍ သတို့သမီးနေအိမ်မှ သတို့သား၏ နေအိမ်အထိ ခင်းပေးပြီး ယင်းအထည်များပေါ်တွင် သတို့သားနှင့် သတို့သမီးတို့သည် ခေါင်ရည်ကိုသောက်ရင်း ဖြည်းညင်းစွာသွားကြရသည်။ ယင်းတို့၏နောက်မှ ဆွေမျိုးများကသော်လည်းကောင်း၊ ကျေးကျွန်များကသော်လည်းကောင်း လက်ဖွဲ့ပစ္စည်းများကို ထမ်း၍ လိုက်ကြရသည်။ သတို့သားနှင့် သတို့သမီးမှအပ အခြားသူများသည် ခင်းထားသော အခင်းပေါ်မှလျှောက်၍ မသွားရပေ။ ခင်းထားသည့် အထည်များကို လင်ယောက်ျား၏ ညီမများက ခွဲဝေယူကြသည်။ ထို့ပြင် သတို့သမီး၏ဖခင်သည် တစ်ရွာလုံးအား ဆန်၊ ငါးခြောက်နှင့် ထန်းလျက်များကို ဝေပေးရသည်။ ဤပွဲကို ပွန်ပါကိုင်း (အထည်ပေါ် လျှောက်သွားရခြင်း) ဟု ခေါ်သည်။

 

အိမ်ထောင်ဖက်ရွေးရာတွင် ယေဘုယျအားဖြင့် အကျင့်စာရိတ္တကောင်းသူ၊ လုံ့လ ဝိရိယရှိသူ၊ ရဲစွမ်းသတ္တိရှိသူများကို ရွေးချယ်လေ့ရှိပြီး များသောအားဖြင့် ကိုယ်အင်္ဂါချို့တဲ့သူ၊ အကျင့်မကောင်းသူ၊ ပျင်းသူ၊ နာတာရှည်ရောဂါရှိသူများကို ရှောင်ကြဉ်ကြသည်။

 

တီးတိန် (တဲဒင်မ်)ဒေသ ချင်းအမျိုးသားများ မင်္ဂလာဆောင်ရာတွင် ပထမဦးဆုံး အပျိုနှင့် လူပျို၊ ချစ်ရေးမျှကြပြီဟု သိသည်နှင့် လူပျိုဘက်မှ လူကြီးများက အပျိုအိမ်သို့ ခေါင်ရည်တစ်အိုးပို့၍ မိမိသားနှင့် သမီ ချစ်ကြိုက်နေကြပြီဖြစ်သဖြင့် လာရောက်တောင်းရမ်းလိုပါသည်ဟု စကားပို့ရသည်။ အပျို၏မိဘများက ယင်းခေါင်ရည်ကို လက်သင့်ခံပါက သဘောတူရာရောက်၍ မင်္ဂလာဆောင်ရန် နေ့ရက်များ ရွေးချယ်ကြသည်။ နေ့ရက်ရွေးချယ်ရာတွင် နှစ်ဦးနှစ်ဖက် သဘောတူသော နေ့ရက်ကိုရွေးချယ်ကြသည်။ နေ့ရက်စေ့သောအခါ သတို့သား၏ မိဘဘက်မှ သတို့သမီးအိမ်သို့ ခေါင်ရည်တစ်အိုး ပို့ရပြန်သည်။ ခေါင်ရည်သောက်ကြပြီးနောက် မင်္ဂလာစကားပြောရန် ငွေလေးကျပ်တင်၍ မင်္ဂလာကြေးကို စတင်ဆွေးနွေးကြသည်။ နှစ်ဖက်သောမိဘများ သဘောကွဲလွဲမှုမျိုး သို့မဟုတ် ယခင်က ရန်စများမရှိပါက မင်္ဂလာကြေးကို နည်းနိုင်သမျှနည်းအောင် ယူကြသည်။ သဘောကွဲလွဲမှုနှင့် ရန်စရှိဖူးသူများ ဖြစ်ပါက သတို့သမီးမိဘများက မင်္ဂလာကို စိတ်ကျေနပ်လောက်သည်အထိ တောင်းလေ့ရှိသည်။ သို့ဖြစ်၍ တီးတိန် (တဲဒင်မ်) နယ်ဘ် တွင် ငွေများဖြင့် အနည်းဆုံး ကျပ် ၅၀ အများဆုံး ကျပ် ၁၀၀၀ အထိ တောင်းလေ့ရှိကြသည်။

 

 

နယ်ကျွံခပေးရ

 

ယခုအခါတွင် မင်္ဂလာကြေးအဖြစ် နွားနောက်၊ သေနတ်၊ ကျွဲ၊ မောင်း၊ လင်ပန်းနှင့် အိုးကို တင်ရသည်။ ပစ္စည်းမရှိက ငွေဖြင့် တန်ဖိုးဖြတ်ပြီး တင်ရသည်။ ထို့ပြင် သတို့သမီးတွင် လက်မထပ်ရသေးသော အစ်ကို၊ အစ်မ များရှိပါက ယင်းတို့ကို ကျော်လွန်သည့်အတွက် ငွေကျပ် ၁၀၊ တစ်ရွာတည်းသားချင်း မဟုတ်သော် တောင်ကျော်ခ (ဝါ) နယ်ကျွံခ ၁၀ ကျပ်ပေးရသည်။ ထို့နောက် ဆွေမျိုးများထံမှ သတို့သမီးကို ခွဲခဲ့သည့်အတွက် ဆွေမျိုးများအား ခွဲခ ငွေ ၁၅ ကျပ်၊ ဘာသာရေးအသင်းအဖွဲ့များအတွက် ငွေ ၁၅ ကျပ်၊ ပျင်းကျန်ရစ်ခဲ့သော မိဘနှင့် အိမ်သားများအတွက် ၂၀ ကျပ်၊ အမျိုးသမီး၏ အဘိုးအတွက် တစ်ကျပ်၊ အဘွား၏ နောက်ဆုံးအမည်လိုက်ရသည့် အတွက် တစ်ကျပ်၊ သတို့သမီးဘက်မှ သတ်သော နွား၏ခြေလက်ကို သတို့သားအိမ်သို့ ပို့ရသဖြင့် တောင်းထမ်းခ တစ်ကျပ်၊ သတို့သမီး၏ ဆွေမျိုး အကြီးအကဲများအားလည်း လမ်းညွှန်ပြသမှုအတွက် ခြောက်ကျပ် စသည်ဖြင့် ပေးရသည်။ (အင်အားအလိုက် အနည်းအများ ကွဲပြားမှုရှိသည်။)

 

ထုံးစံပြုရ  

 

မင်္ဂလာကြေးပေး၍ သဘောတူပြီးနောက် သတို့သမီးဘက်က ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စသော ခြေလေးချောင်း တိရစ္ဆာန် တစ်ကောင်ကောင်ကိုသတ်၍ ရှယ်ကွတ်ဆ ခေါ် ထုံးစံပြုရသည်။ ယင်းအကောင်၏ ကိုယ်တစ်ခြမ်းနှင့် အူစုံအသည်းစုံကို သတို့သားဘက်သို့ ပေးရသည်။ မင်္ဂလာကြေးပေးပြီးနောက် ပိုင်ဆာခေါ် ထုံးစံပြုသည့် အနေဖြင့် သားကောင်တစ်ကောင်ကို ထပ်မံ သတ်ရပြန်သည်။ ယင်းအကောင်မှ လက်တစ်ဖက်၊ ခြေနှစ်ဖက်နှင့် မေး၊ နံရိုးတို့ကို သတို့သားဘက်သို့ ပေးရသည်။ သတို့သားဘက်က ဝက်တစ်ကောင်နှင့် ခေါင်ရည်တစ်အိုး ပြန်လည်ပေးရသည်။ ထိုအခါ သတို့သမီးဘက်မှ လူကြီးများက သတို့သားဘက်သို့ ဆုတောင်းပေးသည်။ စေ့စပ်ကြောင်းလမ်းသည့်အခါ ပြောဆိုသောစကား အချက်အလက်များကို “အောင်လောက်ပဲစေ့” များဖြင့် အမှတ်အသားပြုကြသည်။ (ဂရို့ ချိုးသည့်သဘောဖြစ်သည်။) မင်္ဂလာကြေးပေးပြီးနောက် သတို့သမီးဘက်မှ ပြန်၍ လက်ဖွဲ့သော ပစ္စည်းများကို ယူဆောင်လာရသည်။ နှစ်ဖက်သော မိဘဆွေမျိုးများက ဝိုင်းဝန်းဧည့်ခံကြသည်။ သတို့သမီးဘက်မှ ပေးလိုက်သော အသားကို သတို့သားက ဆွေမျိုးများအား ဝေငှပေးရသည်။ ဝေငှ၍ မပေးလျှင် ဆွေမျိုးများကို မွေ့ရာကျသည်။ သတို့သမီးကို ညဘက်တွင် အပျိုရံတစ်ဦးနှင့် ဆွေမျိုးများက လိုက်ရသည်။ သတို့သား၏ အိမ်ဝင်းထဲ ဝင်သည်နှင့် ဦးဆောင်သောသူ က “ရောက်လာပါပြီ။ သီးနှံကြွယ်ဝစွာနှင့် သားတွေ သမီးတွေနှင့် ရောက်လာပါပြီ” ဟုအော်ပြီး ဝင်လာရသည်။

 

ထိုအခါ သတို့သား၏ မိခင်က အိမ်ထဲကနေပြီး “ဝင်ပါ၊ ဝင်ပါ သီးနှံကြွယ်ဝစွာနှင့် သားတွေ သမီးတွေ အများကြီးနှင့် ဝင်ပါ” ဟုပြန်၍ ဆုမွန်ကောင်းပေးရသည်။

 

ဆုမွန်ကောင်းတောင်း

 

အိမ်ထဲရောက်လျှင် သတို့သား၏ မိဘ ခုတင်ခေါင်းရင်းတွင် တင်ထားသော ခေါင်ရည်ကို တစ်ခွက်စီ ခပ်ရသည်။ ပြီးလျှင် အိမ်ရှိ ဆွေမျိုးအကြီးအကဲ တစ်ဦးက နတ်များ ပသ၍ မင်္ဂလာဆောင် သတို့သားနှင့် သတို့သမီးအား အသက်ရှည်ရှည် ပေါင်းသင်းကြရန် သားသမီးများများမွေး၍ သီးနှံပေါများရန်၊ ကျန်းမာရန် စသည်ဖြင့် ဆုမွန်ကောင်း တောင်းပေးရလေသည်။

 

တီးတိန် (တဲဒင်မ်)နယ် တေဗန်ချင်းတို့သည် မင်္ဂလာဆောင်သည့်နေ့တွင် သတို့သမီးဘက်မှ ပုဆိန်၊ ခြင်းတောင်း၊ ပုတီးနှင့် စောင်များကို သတို့သားဘက်သို့ လက်ဆောင်ပေးရသည်။ မင်္ဂလာကြေးမှာ နွားနောက်မကြီး တစ်ကောင်နှင့် အလတ်တစ်ကောင်ဖြစ်သည်။ သတို့သမီးဘက်မှ မင်္ဂလာနေ့တွင် ၁ဝ ပိဿာခန့်ရှိသော ဝက်တစ်ကောင်ကို သတ်ပေးရသည်။ မင်္ဂလာဆောင်ပြီးနောက် သုံးလကြာမှ သတို့သမီးကို သတို့သားအိမ်သို့ပို့သည်။ ထိုအခါမှ ပေါင်းသင်းနေထိုင်ရသည်။ ဆိဗန်ချင်းတို့မှာမူ အဖေမျိုးနှင့် အမေမျိုး ဟူ၍ ရှိသည်။ အမေမျိုးအတွင်းတွင်သာ အချင်းချင်း လက်ထပ်ကြရသည်။

 

ဖလမ်းနယ် လိုင်ဇိုချင်းများသည် စေ့စပ်ပွဲတွင် သတို့သားရော သတို့သမီးဘက်ကပါ ခေါင်ရည်တစ်အိုးထမ်းပြီး ရပ်ရွာလူကြီးများ နှင့် စေ့စပ်ရသည်။ မင်္ဂလာကို သဘောတူပြီးသည့်နောက် ရက်ချိန်းသည်။ မင်္ဂလာနေ့တွင် ဝက်တစ်ကောင်ကိုသတ်ပြီး သတို့သမီးအိမ်သို့ပို့၍ မင်္ဂလာပွဲကျင်းပသည်။ သတို့သမီးမိဘကလည်း တတ်နိုင်သရွေ့ သားကောင်သတ်ပြီး ဧည့်ခံသည်။ သတို့သားအိမ်တွင်လည်း ဧည့်ခံသည်။ နေဝင်ချိန်တွင် သတို့သမီးကို သတို့သားအိမ်သို့ ပို့ရသည်။ သတို့သားအိမ်တွင် ခေါင်ရည်ဖြင့် ဧည့်ခံ၍ တစ်ညလုံး ကကြသည်။ နောက်နေ့နံနက်တွင် သတို့သားနှင့်အတူ သတို့သမီး၏ အဝတ်အစား စသည့် ပစ္စည်းများကို ပြန်ယူရသည်။ ပစ္စည်းယူပြီး သတို့သားအိမ်သို့အပြန်တွင် သတို့သမီး၏ မိခင်က “ငါကဲ့သို့၊ သားသမီးများများ မွေးပါစေ၊ စပါးများများ ရပါစေ” ဟု ဆုပေးသည်။

 

တိုင်ချွန်းချင်းများမှာ အထက်ပါနည်းအတိုင်း စေ့စပ်ပြီးနောက် မင်္ဂလာနေ့တွင် ကြက်တစ်ကောင်သတ်ကာ ရပ်ရွာရှိသက်ကြီး ဝါကြီး ပုဂ္ဂိုလ်တစ်ဦးက ဆုပေးသည်။ အခြား ကျွေးမွေး ဧည့်ခံပုံတို့မှာ လိုင်ဇိုတို့ကဲ့သို့ပင် ဖြစ်သည်။

 

ဟွာလ်ငိုချင်းတို့မှာ တီးတိန်ချင်းတို့ကဲ့သို့ပင် ခေါင်ရည်ပို့ပြီး စေ့စပ်ရသည်။ မင်္ဂလာကြေးမှာ အင်အားအလိုက် အမျိုးမျိုးဖြစ်သည်။ မင်္ဂလာနေ့တွင် သတို့သမီးအိမ်၌ ဝက်သတ်ပြီး ဧည့်ခံသည်။ ယင်းဝက်အသည်းကိုကြည့်ပြီး နိမိတ်ဖတ်သည်။ နိမိတ်အလွန်ဆိုးလျှင် မင်္ဂလာပွဲလည်း ပျက်သည်။ ညဘက်တွင် အပျိုရံများက သတို့သမီးကို သတို့သား အိမ်သို့လိုက်သည်။ အပျိုရံများကို သတို့သားက ကြက်မတစ်ကောင် လက်ဆောင်ပေးရသည်။ သတို့သမီးကို သတို့သမီး၏ အစ်ကိုနှင့် မောင်များ လိုက်ပို့လေ့ရှိသည်။

 

လက်ဆောင်ပေးရ

 

သတို့သမီးအိမ်တွင် သတ်သောဝက်မှ အသားအချို့ကို သတို့သား၏ အချစ်ဆုံး သူငယ်ချင်းက ထမ်းယူခဲ့ရသည်။ မင်္ဂလာကြေးကိုလည်း ထိုသူကပင် သွား၍ပေးရသည်။ မင်္ဂလာကြေး သွားပေးသောအခါ၌ သတို့သမီးဘက်က ကြက်ဖတစ်ကောင် လက်ဆောင်ပေးရသည်။ အချစ်ဆုံး သူငယ်ချင်းဆိုသူမှာ ငယ်စဉ်ကပင် ကြက်ဥ နှင့် ကြက်များ အချင်းချင်းလဲ၍ စားပြီး အထူးတလည် ချစ်ခင်ရင်းနှီးသူဖြစ်ရသည်။ သတို့သမီးနှင့်အတူ ပုဆိန်၊ ပေါက်ပြား၊ ဂျပ်ခုတ်၊ ဗိုင်းငင် ကိရိယာအစုံ၊ ပုတီးနှင့် မောင်းများ ပါလာရသည်။

 

ဇန်ညှပ်(ဇန်နိယပ်) ချင်းတို့သည် မင်္ဂလာ ကိစ္စအတွက် စီစဉ်လိုသော် သားရှင်မိဘများ သို့မဟုတ် ဆွေမျိုးများထဲမှ လူကြီးတစ်ဦးဦး က သမီးရှင်မိဘများထံသို့ သွားရောက်ပြီး နားဖောက်ရသည်။

 

သဘောတူညီမှုရှိပါက နေ့ရက်ချိန်းဆိုပြီး ချိန်းသောနေ့ ညနေ ၆ နာရီလောက်၌ သားရှင်မိဘများနှင့် အသိသက်သေ ဆွေမျိုးလူကြီးများက သမီးရှင်မိဘများ၏ အိမ်သို့ ခေါင်ရည်အိုးနှစ်လုံးဖြင့် သွား၍ စေ့စပ်ရသည်။ သမီးရှင်များကလည်း ခေါင်ရည် နှစ်လုံးဖြင့် လက်ဆောင်ပြန်ပေးရသည်။

 

(ဆက်လက်ဖော်ပြပါမည်)