မောင်မောင်ကျော့(ပလက်ဝ)
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမတို့သည် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများ နှင့် နေထိုင်ကြခြင်းဖြစ်သည်။ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ်ရှိ ချိုးချင်း တိုင်းရင်းသားတို့တွင်လည်း ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် စစ်ရေးစစ်ရာ တို့တွင် အသုံးပြုကြသည့် ကိုယ်ပိုင်လက်နက်မဲ့ တိုက်ခိုက်သည့် စစ်ရေးနည်းပညာများ လည်းရှိပါသည်။ မင်းတပ်ဒေသရှိ ချိုးချင်းတို့ ကို မွမ်းချင်းဟုလည်းခေါ်ကြ၏။
အင်္ဂလိပ်-မြန်မာ စစ်ပွဲများ
အင်္ဂလိပ်တို့သည် မြန်မာပိုင် ရှင်မဖြူကျွန်း ကို တိုက်ခိုက်ပြီးနောက် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံကို စစ်ကြေညာခဲ့ သည်။ ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် တွင် ရခိုင်ဒေသနှင့် တနင်္သာရီဒေသကို အင်္ဂလိပ်တို့သိမ်းယူသည်။
မြန်မာနိုင်ငံသည် စပါးကောက်နှံ၊ ပတ္တမြား၊ ကျောက်သံ၊ ရေနံ၊ ကျွန်းသစ်တို့ ဖြစ်ထွန်း ကြွယ်ဝကြောင်း သိသွားသော အင်္ဂလိပ်တို့ သည် အောက်မြန်မာပြည်ကို မျက်စောင်းထိုး လာပြန်သည်။ ရန်ကုန်မြို့ဝန်က အင်္ဂလိပ် ကုန်သည်နှစ်ဦးအပေါ် ကျူးလွန်သော ရာဇဝတ်မှုအလိုက် ဒဏ်ငွေတပ်ရိုက်သည်ကို အကြောင်းပြုပြီး အင်္ဂလိပ်တို့က ၁၈၅၂ ခုနှစ် တွင် စတင်ကျူးကျော်တိုက်ခိုက်ပြန်သည်။ ၁၈၅၂ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် ပဲခူးကို သိမ်းပိုက်ကြသည်။
အထက်မြန်မာပြည်ဘက် လှည့်ပြီး မျက်စောင်းထိုးလာသော အင်္ဂလိပ်အစိုးရ သည် အင်္ဂလိပ်တို့၏ ဘုံဘေဘားမားကုမ္ပဏီကို သစ်ခိုးမှုကြောင့် မြန်မာအာဏာပိုင်တို့က ဒဏ်ငွေရိုက်သည့် ကိစ္စကိုအကြောင်းပြုပြီး ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် မ္တလေးသို့ ချီတက်ကာ မ္တလေးရတနာပုံ နေပြည်တော်ကို နိုဝင်ဘာ ၂၉ ရက်တွင် သိမ်းပိုက်လိုက်ကြသည်။ ၁၈၈၆ ခုနှစ် ဧပြီ ၁ ရက်တွင် အင်္ဂလိပ်ဘုရင်မကြီးအတွက် နှစ်သစ်လက်ဆောင်အဖြစ် အင်္ဂလိပ်နယ်ချဲ့ ဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီအား မြန်မာနိုင်ငံ ကိုဆက်သခဲ့သောကြောင့် မြန်မာ့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရလေသည်။
မြန်မာ့လွတ်လပ်ရေး ဆုံးရှုံးစေရသည့် အင်္ဂလိပ်-မြန်မာစစ်ပွဲတိုင်းနှင့် တတိယစစ် ပြီးဆုံးသည့် နောက်ပိုင်းအထိပင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည်တို့ဖြင့်ဖွဲ့စည်းထားသော တိုင်းရင်းသား ပေါင်းစုံတို့၏ မျိုးချစ်သူရဲကောင်းများသည် သမိုင်းပြောင်မြောက်စွာ ရဲစွမ်းပြ၍ နယ်ချဲ့များ ကို ခုခံတိုက်ခိုက်ခဲ့ကြပေသည်။
ချင်းမျိုးချစ်သူရဲကောင်းတို့၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုအချို့
ချင်းမျိုးချစ်တို့သည် အင်္ဂလိပ်-မြန်မာ ပထမစစ်မဖြစ်မီကပင် ၁၇၇၇ ခုနှစ်မှစပြီး လူရှေချင်းမျိုးချစ်ခေါင်းဆောင် တာဘူနာ သည် မြန်မာနိုင်ငံဘက်ကို တာစူလာသည့် နယ်ချဲ့အင်္ဂလိပ်တို့ကို စစ်တကောင်းနယ် စော်ဘွားရွာမောက်ခနှင့် ပူးပေါင်းပြီး ဦးဦး ဖျားဖျား ဆီးကြိုတိုက်ပွဲဝင်ခဲ့ကြသည်။
အင်္ဂလိပ်-မြန်မာ ပထမစစ်ကြောင့် ရခိုင် ဒေသနှင့် တနင်္သာရီဒေသတို့သည် နယ်ချဲ့ လက်အောက် ကျရောက်ခဲ့သည်။ ထိုအချိန် တွင် နယ်ချဲ့လက်အောက် မနေလိုကြသည့် ခမီတိုင်းရင်းသားမျိုးချစ်တို့က ကျောက်တော် မြို့နယ် (ယခုမျောက်တောင်ကျေးရွာ)တွင် ပလက်ဝမြို့သစ်တည်ပြီး တောင်မင်းဆဒိန်၊ တောင်မင်း၊ ဆပင်တို့ ဦးဆောင်ကာ မျောက် တောင်တိုက်ပွဲ၊ မီးဝတိုက်ပွဲ၊ ပလက်ဝမြို့နယ် အတွင်း ကျောက်ဖျာတိုက်ပွဲ၊ တန်းဆိပ်တိုက်ပွဲ၊ မောင်နှမတိုက်ပွဲ၊ ကူဝတိုက်ပွဲ၊ ရွက်ကျင် သောင်တိုက်ပွဲများဖြင့် ခုခံကာကွယ်ခဲ့ရာ နယ်ချဲ့တို့ရှေ့မတိုးနိုင်ဘဲ ကုလားတန်မြစ် ရွက်ကျင်သောင်ဦးမှာ နယ်နိမိတ်သတ်မှတ်ပြီး အလံစိုက်ထူခဲ့ကြရသည်။
၁၈၃၈ ခုနှစ် အိန္ဒိယ-မြန်မာနယ်စပ်တွင် မတူပီမြို့နယ်မှ မရာချင်းမျိုးချစ်များကလည်း နယ်ချဲ့အင်္ဂလိပ်တို့ကို အကြိမ်ကြိမ်ခုခံ တိုက်ခိုက်ခဲ့သည့်အတွက် နယ်စပ်ပြဿနာ ပိုမိုရှုပ်ထွေးစေခဲ့ကြောင်း N.Epery၏ မှတ်တမ်းအရ သိရသည်။
၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို အင်္ဂလိပ်ကိုလိုနီနိုင်ငံအဖြစ် ကမ္ဘာကိုကြေညာခဲ့သော်လည်း အမှန်တကယ် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခြင်း မရှိ သေးချေ။ ၁၈၈၆ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် မစ္စတာဖယ်ရာ ဦးစီးသည့် ဘင်္ဂလားခြေလျင် အင်္ဂလိပ်စစ်ပုလိပ်တပ်သည် မြေပြန့်အရှိုးချင်း တို့ နေထိုင်ရာ ငဖဲဒေသသို့ ချီတက်လာခဲ့ရာ အရှိုးချင်းမျိုးချစ်ခေါင်းဆောင် ဗိုလ်နှောင်းနှင့် ဗိုလ်ဆဲတို့ ဦးဆောင်ကာ ငဖဲမြို့တောင်ဘက် ပန်တိန်းမြို့မှ ဆီးကြိုခုခံတိုက်ခိုက်ခဲ့ကြသည်။
၁၈၈၆ ခုနှစ် ဒီဇင်ဘာလ ပထမပတ်တွင် ပုဂံမြို့အရေးပိုင် ကပ္ပတိန်ဂျီအက်စ်အေရာ (G.S.Aera) ဦးဆောင်သည့် တပ်ဖွဲ့သည် ယောနယ်နှင့် တောင်ပိုင်းချင်းတောင်ကို သိမ်း ပိုက်ရေးအတွက် ပုဂံမြို့အနောက်ဘက် မြစ်ခြေ မှ စတင်ထွက်ခွာလာကြသည်။ နယ်ချဲ့တို့က အသာတကြည်စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်း ခဲ့သော်လည်း လက်မခံနိုင်ဘဲ ယောမြို့ သူကြီး ဟောင်း ဦးရာကွက်နှင့် လယ်ဦးရွာသူကြီး ဦးဆေကာတို့ ဦးဆောင်ပြီး ခုခံတိုက်ခိုက်ခဲ့ ကြသည်။
အင်္ဂလိပ်တို့၏ ချွင်းချန်နယ်မြေ
မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးစမှာပင် အင်္ဂလိပ်အစိုးရသည် ချွင်းချန်နယ်မြေ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ချွင်းချန်နယ်မြေ အက်ဥပဒေသည် ရှမ်းပြည်နယ်မှအပ ကျန်တောင်တန်းဒေသအားလုံးအတွက် အကျုံးဝင်သည်။ ပြည်မဥပဒေပြုအဖွဲ့က အတည်ပြုပြဋ္ဌာန်းသော ဥပဒေတိုင်းသည် ချွင်းချန်ဒေသများ အာဏာသက်ရောက်ခြင်း မရှိရချေ။ အာဏာသက်ရောက်စေလိုပါက နည်းဥပဒေပြဋ္ဌာန်းထုတ်ပြန်ရသည်။
ချိုးချင်းမျိုးချစ်တို့အား ယောနယ်သို့ ခေါ်ယူစည်းရုံးခြင်း
၁၈၈၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်အရှေ့ပိုင်း မောချောင်းတိုက်နယ်မှ ရွာလူကြီးများနှင့် ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ လောင်းရှည် စသည့် ယောနယ်မှ လူကြီးများအား ထီးလင်းမြို့သို့ ထိုစဉ်က မစ္စတာရယ်နီ (Mr. Ranei) ကိုယ်တိုင်ခေါ်ယူတွေ့ဆုံကာ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်မှုကို ခံယူပြီး နှစ်တိုင်းအခွန်ပေးဆောင် ရန် တိုက်တွန်းခဲ့ကြောင်းကို (Dorothy ၏ the Making of Burma – P395)တွင် ရေးသားထားသည်။
ထိုသို့ တိုက်တွန်းခဲ့မှုကို မနာခံသဖြင့် ၁၈၉၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ပခုက္ကူအနောက် ပိုင်း ယောနယ်တစ်ဝိုက်ရှိ ရွာလူကြီးများအပြင် ချင်းကောင်မင်းတပ်နယ် မာမ်ဘုံရွာနေ ရွာသူကြီးယွမ်းဟုန့်ယွမ်းနှင့် အခြားရွာသူကြီး များကိုပါ ယောမြို့သို့ လာရောက်စုဝေးကြရန် ဆင့်ခေါ်သည်။ ဤတွင် ရွာလူကြီး ယွမ်းဟုန့် ယွမ်းသည် နယ်ချဲ့ခုခံတိုက်ခိုက်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သည်။ ယောမြို့သို့ ယော- မြန်မာဒေသ တောင်သားစကားကျွမ်းကျင် သော ဦးအောင်သာကိုသာလျှင် ကိုယ်စား လှယ်အဖြစ် ရွေးချယ်စေလွှတ်ခဲ့သည်။
အင်္ဂလိပ်အစိုးရသည် ယော-မြန်မာ လူကြီးများနှင့် ချင်းလူကြီးများကို မျက်နှာ စုံညီဆွေးနွေးစေကာ ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးအတွက် ဆုံးဖြတ်ချက် ချမှတ် စေခဲ့သည်။ ထိုစဉ် ယောဒေသကိုယ်စားလှယ် နှင့် ချင်းကိုယ်စားလှယ် ၃ဝ တို့သည် မိမိတို့ နယ်မြေ အေးချမ်းသာယာရေးအတွက် ရှေးရှု ဆွေးနွေးကြပြီးနောက် ယောမြို့ပေါ်ရှိ ရှင်ချစ် ဘုရားရှေ့တွင် တိုင်တည်လျက် လက်မောင်း သွေးဖောက် သစ္စာရေသောက်ကာ သစ္စာ ဓိဋ္ဌာန်ပြုကြသည်။
ဤနေ့ ဤရက်မှစ၍ နောင်လာလတ္တံ့ သော အချိန်ကာလများတွင် တစ်ဦးနှင့်တစ်ဦး တစ်နယ်နှင့်တစ်နယ် တစ်ပြည်နှင့်တစ်ပြည်၊ မဟာမိတ်ဖြစ်ကြပြီး သစ္စာမဖောက်ဘဲ အပြန် အလှန် အကူအညီပေးကြမည်ဟု အဓိဋ္ဌာန် ပြုပါသည် ဟူ၍ ဖြစ်ပေသည်။
ပုံတောင်ပုံညာတိုက်ပွဲနှင့် ပဆုတ်စခန်းတိုက်ပွဲ
မန္တလေးမြို့တော် သိမ်းပိုက်ပြီးနောက် ၁ဝ နှစ်ခန့်အကြာ ၁၈၉၆ ခုနှစ်ဖြစ်ပါသည်။ အင်္ဂလိပ်တို့သည် ရတနာပုံ မ္တလေးမြို့မှ တစ်ဆင့် ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်သို့ တစ်စတစ်စ ထိုးဖောက်ဝင်ရောက်လာကြ သည်။ ချင်းတောင် တောင်ပိုင်းဒေသအား သိမ်းပိုက်ရန်တာဝန်ကို ရှေ့တန်းကျကျ ထမ်းဆောင်ရသူမှာ အင်္ဂလိပ်အရာရှိ မစ္စတာ အမ် ဂျေ တိုက် (Mr. M. J. Teight) ဆိုသူ ဖြစ်ပေသည်။ သူနှင့်အတူ ပုလိပ်အရာရှိ မစ္စတာ ရော့စ် (Mr. Rose) လည်းပါဝင်သည်။
အင်္ဂလိပ်နယ်ချဲ့တို့သည် ယောနယ်မှ တစ်ဆင့် ချင်းတောင် တောင်ပိုင်းဒေသသို့ ဦးတည်ချီတက်ခဲ့ခြင်းဖြစ်သည်။ နယ်ချဲ့ ခုခံ တားဆီးရေးတွင် ယောနယ်မှ မျိုးချစ်များနှင့် ချင်းမျိုးချစ်များပူးပေါင်းကာ ရှိသမျှလူသူ လက်နက်စုရုံးလျက် အဆင့်ဆင့်ခုခံတိုက်ခိုက် ခဲ့ကြသည်။
တောင်ပိုင်းချင်းတောင် သိမ်းပိုက်ရေး အတွက် လက်ဖ်တင်နင် အေဘီလောဒင်နှင့် ဂျမဒါမာမတ်အာလီတို့ အပါအဝင် နောက်ပါ စစ်သည် ၇၅ ဦးနှင့်အတူ ကပ္ပတိန်ရယ်နီ (Capt Raine) ဦးဆောင်၍ ချီတက်ခဲ့သည်။ ထိုရှေ့ပြေးနယ်ချဲ့တို့ကို မင်းတပ်နယ်မှ ချင်း မျိုးချစ်ခေါင်းဆောင် ဦးငွေထန်း၊ ဦးငိုင်း၊ ဦးတမ်မာန်တို့နှင့် ယောနယ်မှ ဗိုလ်မှတ်ကြီး၊ ဗိုလ်နေတင်တို့ပူးပေါင်းပြီး ဦးဆောင်ကာ ပုံတောင်ပုံညာစခန်းနှင့် ပဆုတ်စခန်းတို့မှ လမ်းဖြတ်တိုက်နည်းဖြင့် ပြင်းထန်စွာ ခုခံ တိုက်ခိုက်ခဲ့ကြသည်။ ဤစခန်းတို့တွင် ချင်းမျိုးချစ်တို့သည် ယောနယ်မှ မျိုးချစ်တို့နှင့် ပေါင်းကာ တိုက်ပွဲများ အဆင့်ဆင့်ဆင်နွှဲလျက် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ကြသဖြင့် နှစ်ဦး နှစ်ဖက် ထိခိုက်ကျဆုံးမှု များပြားခဲ့သည်။
လုပ်တက်စခန်းတိုက်ပွဲနှင့် မောလုံပလူးတိုက်ပွဲ
အထက်ပါ ပုံတောင်ပုံညာတိုက်ပွဲ၊ ပဆုတ် စခန်းတိုက်ပွဲအပြီးတွင် တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာနေပြီဖြစ်သော ချင်းမျိုးချစ်တပ်များ နောက်သို့ ထက်ကြပ်မကွာလိုက်ပါလာကြရာ မင်းတပ်နယ်သို့တိုင် ရောက်လာခဲ့သည်။
ဤတွင် ချင်းမျိုးချစ်ခေါင်းဆောင် ဦးချွဲလွေ၊ ဦးလုံတန်းတို့ ဦးဆောင်ပြီး လမ်းဖြတ်တိုက်နည်း၊ ချုံခိုတိုက်နည်းတို့ဖြင့် လုပ်တက်စခန်းမှ နယ်ချဲ့တို့ကို တိုက်ခိုက်ခဲ့ကြ သည်။ ဦးကီးရောက်နိန်း၊ ဦးထန်းပက်တို့ ဦးဆောင်သော ချင်းမျိုးချစ်တပ်တို့သည် မင်းတပ်မြို့နယ် ကီသာရွာအနီးတွင် မော်လုံ ပလူး(ကျောက်မောင်းချနည်း)တို့ဖြင့် ခုခံ တိုက်ခိုက်ခဲ့ကြသည်။ ဤတွင် မော်လုံပလူးမှာ အရပ်ဒေသအမည်မဟုတ်ပေ။ ချင်းတို့၏ မူပိုင် တိုက်ခိုက်နည်းတစ်ခု ဖြစ်ပေသည်။
ချင်းမျိုးချစ်တို့အား အစာငတ်ခံထားပြီး မျိုးဖြုတ်ရန် စီမံကိန်းချခြင်း
ချင်းမျိုးချစ်တို့၏ လမ်းဖြတ်တိုက်နည်း၊ ချုံခိုတိုက်နည်း၊ ကျောက်မောင်းဆင်တိုက် နည်း၊ စစ်ဗျူဟာတို့ကို မခံနိုင်သည့်အတွက် ဆာဂျော့ဝှိုက် (Sir Geoge White)သည် မိမိတို့ဌာနချုပ်မှ (Chief Commisioner) ထံသို့ မိမိပါဝင်ခဲ့ဖူးသော တိုက်ပွဲများထဲတွင် ချင်းတောင်တိုက်ပွဲသည် အခက်ခဲဆုံး တိုက်ပွဲဖြစ်ကြောင်း ကြေးနန်းရိုက် စစ်ကူ တောင်းခဲ့ရပေသည်။
ဗိုလ်မှူးကြီးပါလ်မားက စစ်ရေးကျွမ်းကျင် လှသည့် ချင်းတိုင်းရင်းသားတို့ကို ဆက်လက် တိုက်နေသော်လည်း အကြောင်းထူးမည်မဟုတ် ဆိုပြီး နောက်ဆုံးတွင် ချင်းမျိုးချစ်များကို အစာငတ်ခံထားပြီး မျိုးဖြုတ်ရန် စီမံကိန်း ချလိုက်ပါတော့သည်။ ဗိုလ်မှူးကြီး ပါလ်မား၏ မှတ်တမ်းတွင် ဤသို့ဆောင်ရွက်ခြင်းသည် လူမဆန်စွာ ရက်စက်လှသည်ဟု ထင်ရမည် ဖြစ်သော်လည်း ချုံခိုတိုက်ခိုက်နည်း၊ လမ်း ဖြတ် တိုက်နည်း၊ ကျောက်မောင်းဆင်တိုက် နည်းတို့တွင် ကျွန်တော်တို့ထက် ကျင်လည်၍ အရှောင်အတိမ်း၊ အခိုအပုန်း၊ ကျွမ်းကျင်လှ သော လူမျိုးကို အခြားနည်းဖြင့် အောင်မြင် နိုင်စရာ လမ်းမမြင်ပါဟု ဖော်ပြထားပေသည်။
ဤအချက်များကိုကြည့်ခြင်းဖြင့် ချင်း တိုင်းရင်းသားတို့သည် မျိုးချစ်စိတ်ဓာတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေး၊ သူရသတ္တိ၊ ပြောင်မြောက် သူများဖြစ်ကြကြောင်း၊ နယ်ချဲ့ ဆန့်ကျင်ရေး သမိုင်းတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား အောင် စွမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း သမိုင်းကပြောပြနေခြင်း ဖြစ်ပေသည်။
မော်လုံပလူးကျောက်မောင်းဆင် တိုက်ခိုက်နည်း
မော်လုံပလူးဆိုသည်မှာ မင်းတပ်မြို့နယ် ရှိ (ချိုးချင်း (ခ) မွမ်းချင်း) ဘာသာစကားဖြစ် သည်။ ''မော်''မှာ အင်္ဂလိပ်ရန်သူကို ခေါ် သည်။ လုံပလူးမှာ ကျောက်တုံး၊ ကျောက်ခဲများဖြင့် တောင်ပေါ်မှကျောက်မောင်းဆင်၍ ပစ်ခတ် ခြင်း ဖြစ်သည်။ မော်လုံပလူးမှာ ကျောက်တုံး ကျောက်ခဲကြီးများဖြင့် နယ်ချဲ့ အင်္ဂလိပ်ရန်သူ ကို တောင်ပေါ်မှ ကျောက်မောင်းဆင်၍ ပစ်ခတ်တိုက်ခိုက်သော လက်နက်ဗလာ စစ် ဗျူဟာပညာ ဖြစ်ပေသည်။ ဤသို့တိုက်ခိုက် ရာတွင် ကျောက်မောင်းကို အသုံးပြုရသည်။ ကျောက်မောင်းမှာ ကျောက်တုံးကြီးများကို တရစပ်ထိမှန်စေရန် ပြုလုပ်ထားသော ခလုတ် ဖြစ်ပါသည်။ ကျောက်မောင်းခလုတ်ဖြင့် ကျောက်တုံးကြီးများကို အသုံးပြု၍ ရန်သူကို တိုက်ခိုက်သည့် ချင်းတိုင်းရင်းသားတို့၏ ကိုယ်ပိုင်စစ်ရေးနည်းပညာတစ်ခု ဖြစ်ပေ သည်။ ဤသို့ အဆင့်မြင့်လက်နက်မဲ့ စစ်ရေး တိုက်ခိုက်နည်း ပညာစစ်ဗျူဟာပညာရပ်ရှိခဲ့ ဖူးကြောင်းကို နယ်ချဲ့ဆန့်ကျင်ရေး သမိုင်း မှတ်တမ်းများက ဖော်ပြနေပါသည်။
''မော်လုံပလူး''
မှုန်ရီမှိုင်းပြ၊ ချင်းရိုးမ၌၊
လမ်းစသွေးမြေ၊ ချင်းတောင်ဗွေဝယ်
သွေးတွေရဲနီ၊ မျိုးချစ်ပီသ
စွမ်းရည်ပြလျက်၊ ခန္ဓာသက်ပေး
တစ်စက်သွေးနှင့် ၊ ပြည်တွက်ပေးဆပ်လှူခဲ့ပြီ။
မော်လုံပလူး၊ တောင်ခေါနူးခြေ၊
ချွန်စူးမြားလေး၊ ဟစ်သံပေး၍
စစ်တေးကိုသီ၊ ကျောက်မောင်းချီကာ
အောင်စည်ရိုက်တီး၊ နယ်ချဲ့မီးကို
အပြီးသုတ်သင်၊ ထိုးခုတ်နှင်သည်၊
ပြည်ခွင်အောင်ပွဲ၊ ခြိမ့်ခြိမ့်သဲ၏။
မျိုးချစ်မျိုးဆွေ၊ ဇာနည်တွေသည်
ပေးခြွခေန္ဓာ၊ မြတ်သစ္စာနှင့်
မေတ္တာအေးစေ၊ အမိမြေကို
ဝေဆာဖူးသစ်၊ အားခွန်သစ်ချီ၊
မျိုးချစ်တေးသံ၊ တိမ်ဘယံထိ မြင့်ခဲ့သည်။
အောက်ချင်းငှက်မင်း၊ ချင်းအဆင်းသွင်၊
အလင်းရောင်ဝါ၊ မြတ်သစ္စာဖြင့်
ကျူးလာနယ်ချဲ့၊ ဖက်ဆစ်ဖွဲ့ကို
တိုက်ဟဲ့စစ်ရေး၊ ရဲမာန်သွေးနှင့်
သမိုင်းပေးမှု၊ အောင်ပွဲဆုကိုရလေပြီ။
မော်လုံသွေးစစ်၊ တရားစစ်ဖြင့်
ရင်းမြစ်မှတ်တမ်း၊ မြတ်ဇာတ်လမ်းကို
တတမ်းတတ၊ စိတ်မှန်းဆ၍
စာစပေတို၊ ထွာတညိုဖြင့်
ညွှန်းဆိုမော်ကွန်း၊ လင်္ကာသွန်းကာ ဦးညွတ်မည်။
ဤသို့ ချိုးချင်းတိုင်းရင်းသားတို့၏ လက်နက်မဲ့ မော်လုံပလူး (ကျောက်မောင်း ဆင်)တိုက်ခိုက်နည်း နည်းစစ်ဗျူဟာ နည်းပညာကို ယောနကဖိုးထောင်က မော်လုံ ပလူးမော်ကွန်းအနေဖြင့် စာစပေတိုထွာ တစ်ညိုဖြင့်၊ ညွှန်းဆိုမော်ကွန်း၊ လင်္ကာသွန်း ကာ ဦးညွတ်ခဲ့မှုအား ဂုဏ်ပြုရေးသားလိုက် ရပါသည်။
ကျမ်းကိုး
- တိုင်းရင်းသားတို့၏ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်း
- မြန်မာ့သမိုင်းမှတ်တိုင် အတွဲ ပ.ဒု.တ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီထုတ်များ
- မော်လုံပလူးကဗျာ ယောနကဖိုးထောင်
ချင်းမဂ္ဂဇင်း(၁၉၈၄/၈၅)