မင်းလပြည့်(ဟားခါး)
ချင်းပြည်နယ်သည် အခြားဒေသများနှင့်မတူဘဲ ပြည်နယ်တစ်ခုလုံး မြေပြန့်လွင်ပြင်မရှိဘဲ တောင်ကုန်းတောင်တန်း ထူထပ်ပေါများသဖြင့် သားရဲတိရစ္ဆာန်များလည်း ကျင်လည်ကျက်စားသွားလာသော စားကျက်နေရာဒေသကြီးတစ်ခု ဖြစ်ခဲ့ပါသည်။ သို့သော် ရဲစွမ်းသတ္တိရှိသော ချင်းတိုင်းရင်းသားတို့သည် ဆင်၊ ပြောင်၊ ကျား၊ စိုင်၊ တောဝက်၊ ဝက်ဝံစသော အစွယ်၊ အဆိပ်ရှိသည့် သတ္တဝါများကိုလည်း ထိတ်လန့်ကြောက်ရွံ့ခဲ့ကြသည်မဟုတ်ပေ။ ချင်းအမျိုးသားတို့သည် အမဲလိုက်ခြင်းကို ဂုဏ်ယူကြသည်။ တန်ဖိုးထားကြသည်။
အမဲလိုက်သောအလုပ်သည် ဘာသာရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ ထူးခြားနက်နဲသော အဓိပ္ပာယ်ကို ဆောင်သည်။ နတ်ကိုးကွယ်သူများက အမဲလိုက်ခြင်းသည် တမလွန်ဘဝတွင် ကောင်းရာသုဂတိသို့ လားစေသော အလုပ်ဖြစ်သည်ဟု ယုံကြည်ကြသည်။ အမဲလိုက်၍ သားကောင်များရသောအခါ အောင်ပွဲများကျင်းပရသည်။ (ယင်းအောင်ပွဲများကို တီးတိန်နှင့် ဖလမ်းအခေါ်အားဖြင့် ဆာအိုက်၊ ဟားခါး၊ မတူပီအခေါ်အားဖြင့် ဆောမ်တုပ်၊ မင်းတပ်အခေါ်အားဖြင့် လှော်ခန်းမ်၊ ခမီအခေါ်အားဖြင့် တန်တုအစုဟု အမည်အမျိုးမျိုးရှိသည်) အောင်ပွဲများ ကျင်းပသောအခါ အိမ်မွေးတိရစ္ဆာန်များကိုသတ်၍ ယဇ်ပူဇော်ရပြီး ရပ်ရွာလူများကို ဖိတ်ခေါ်ကျွေးမွေးရသည်။ ခေါင်ရည်နှင့် ရိုးရာအကများဖြင့်လည်း ဧည့်ခံရသည်။ ဤကား အလှူဒါနပြုခြင်းလည်းဖြစ်သည်။ ။
အမဲလိုက်၍ပစ်ခတ်ရရှိသော အမဲကောင်အမျိုးအစား နှင့် အရေအတွက်အပေါ်မူတည်၍ အမဲလိုက်သူ၏ ဂုဏ်သရေကို တိုးတက်စေသည်။ သာဓကအားဖြင့် ဆင်၊ ပြောင်၊ စိုင်၊ တောဝက်စသော အစွယ်ပါသောသတ္တဝါ၊ ကျား၊ ကျားသစ်စသော သတ္တဝါနှင့် ချေ၊ ဖြူစသော သတ္တဝါများ ဟူ၍ အမဲသုံးမျိုးခန့်ခွဲထားပြီး ဆင်၊ ပြောင်၊ စိုင်၊ တောဝက် အမျိုးအစားဝင် အမဲကောင်များကို ရရှိသူသည် အမဲလိုက်သည့်ဖက်တွင် အမြင့်ဆုံးဂုဏ်ထူးကိုရရှိသည်။ ဤဂုဏ်ထူး ကို လွန်ဟုခေါ်ရာ အဓိပ္ပာယ်မှာ “အရဲရင့်ဆုံးမုဆိုးကြီး”ဟူ၍ဖြစ်သည်။ ဆာအိုက်ခေါ် အမဲရအောင်ပွဲများကို များများကျင်းပနိုင်သူသည် ဂုဏ်သရေပို၍ တိုးတက်လာသည်။ အမဲကောင်မ ပစ်ဖူးသူသည် ငရဲသို့လားသည်ဟုလည်း ရှေးအယူရှိကြသည်။ အမဲလိုက်ခြင်းမှာ ယောက်ျားပီသမှု၊ သူရသတ္တိရှိမှုကိုပြသသော ဆောင်ရွက်မှုတစ်ခုဖြစ်သည်ဟု ချင်းအမျိုးသားတို့က ယူဆကြသည်။ ယောက်ျားမှန်က အနည်းဆုံး ခြေလေးချောင်းသတ္တဝါ တစ်ကောင်၏ခြေကို ရအောင်ပစ်ဖူးရမည်။ သို့မဟုတ်လျှင် သတ္တိကြောင်သူ၊ ယောက်ျားမပီသသူဟူ၍ မျက်နှာငယ်ရသည်။ အမဲပစ်တော်သူအဖြစ် ဂုဏ်ထူးအဆင့်ဆင့်ရသူများမှာ အမဲရအောင်ပွဲများတွင် အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံရပြီး ၊ ဓလေ့ထုံးစံအရ ဝေငှရသောအမဲကောင်နှင့် ယဇ်ကောင်များမှ အကောင်းဆုံးနှင့် အများဆုံးအပိုင်းကို ရနိုင်သည်။ အကောင်းဆုံးသော ခေါင်ရည်ကိုလည်း ဦးဦးဖျားဖျား ဂုဏ်ပြုပေးခြင်းခံရပေသည်။
ထို့ပြင် အမဲလိုက်ခြင်းသည် လူတို့၏ အန္တရာယ်ဖြစ်သော သားရဲကောင်များနှင့် စိုက်ခင်း၊ ပျိုးခင်း၊ သီးနှံခင်းများကို ဖျက်ဆီးစားသောက်တတ်သော သတ္တဝါများ၏အန္တရာယ်ကို ဖယ်ရှင်းခြင်းဖြစ်သဖြင့် စီးပွားရေးအရ အလုပ်ဖြစ်သော အလုပ်တစ်ခုဖြစ်နေပြန်သည်။
ချင်းယောက်ျားလေးများသည် ငါးနှစ်၊ ခြောက်နှစ်အရွယ်မှစ၍ လေးဂွ၊ လောက်လေး၊ လေး၊ မြား၊ ကျောက်ခဲ၊ တုတ်စသော လက်နက်များဖြင့် ငှက်၊ ရှဉ့်၊ ပုတ်သင်ညို၊ ပူးစသော သတ္တဝါငယ်ကလေးများကို လက်တည့်စမ်းလေ့ရှိကြပြီး ကိုးနှစ်၊ ဆယ်နှစ်အရွယ်တွင် အတော်အတန် ကျွမ်းကျင်သော မုဆိုးလောင်းလေးများ ဖြစ်လာကြသည်။ သူတို့သည် လူကြီးများ၏ အတုကိုယူကာ မိမိတို့ ပစ်ခတ်ရရှိသော အကောင်များ၏ခေါင်းများကိုဖြတ်၍ အိမ်နံရံတွင် ချိတ်ဆွဲထားလေ့ရှိသည်။
ချင်းမိသားစုအိမ်တစ်အိမ်ကို ကြည့်ရှုပါက အမဲလိုက်ထားသော သားကောင်များ၏ ဦးခေါင်းများ၊ ယဇ်ပူဇော်ထားသော တိရစ္ဆာန်ခေါင်းများ၊ ဓလေ့ထုံးစံပွဲကြီးများတွင် သတ်ခဲ့သော နွားနောက်ခေါင်းများ ဆွဲချိတ်ထားသည်ကို တွေ့နိုင်သည်။ အမဲကောင်များ၏ ဦးခေါင်းများနှင့် ချိုများ၏အရေအတွက်နှင့် အမျိုးအစားကိုကြည့်၍ ရပ်ရွာတွင်အိမ်ရှင်ယောက်ျား၏ ဩဇာတိက္ကမ မည်ရွေ့မည်မျှရှိသည်ကို ခန့်မှန်းနိုင်သည်။ ရှေးက ဒူးလေး၊ ဓား၊ လှံ၊ တူမီးသေနတ်များကို သုံးစွဲကြပြီး ယခုအခါ ခါးချိုးသေနတ်များနှင့် တူမီးသေနတ်ကို အသုံးပြုလာကြသည်။ သားကောင်နှင့် ငှက်ကောင်များကို ငါးမျိုးခွဲထားရာ ယင်းတို့မှာ ဆင်၊ ပြောင်၊ တောဝက်၊ ဝက်ဝံစသော အစွယ်ရှိသတ္တဝါများ၊ ကျား၊ ကျားသစ်၊ ကြောင်ဝံပိုက်၊ တောကြောင်များ၊ သမင်၊ ဒရယ်၊ချေငယ်၊ စိုင်၊ ဆတ်၊ တောင်ဆိတ်၊ ကမ်းပါးကျစသော ဦးချိုပါသောသတ္တဝါများ၊ ဆဝှီးခေါ် နိမိတ်မကောင်းဟု ယူဆသောအကောင်များ (ပုံစံ- ချင်းအခေါ် နိုအိုင်အမည်ရှိသော နှာတံရှည်မျောက်မျိုး၊ မျောက်လွှဲကျော်၊ မျက်ကွင်းဖြူမျိုးများ၊ ချိုတိုတို ပေါက်နေသော ဆတ်များ၊ အော်မြည်တတ်သော သမင်တစ်မျိုး၊ ချိုတစ်ဖက်ကြီး တစ်ဖက်ငယ်ရှိသော သားကောင်၊ ချိုကျိုး နားရွက်ပဲဖြစ်နေသော သားကောင်၊ အင်္ဂါမစုံသော သားကောင်များ၊ ငှက်အမျိုးမျိုး၊ ဖွတ်၊ ပုတတ်၊ မြွေအမျိုးမျိုး၊ ဖြူးကောင်များ စသည် တို့ဖြစ်ကြသည်။
ငှက်များအနက် အောက်ချင်းငှက်သည် ချင်းတို့မင်္ဂလာဟူ၍ အထွတ်အမြတ်ထားသော ငှက်ဖြစ်သဖြင့် အောက်ချင်းငှက်ကို ပစ်မိသူသည် ပွဲပေးရသည်။ အမဲလိုက်ရာတွင် နည်းသုံးမျိုးရှိသည်။ ယင်းတို့မှာ- တောခြောက်၍ အမဲလိုက်ခြင်း၊ ချောင်း၍ ပစ်ခတ်ခြင်းနှင့် ထောင်ချောက်ဖြင့် ဖမ်းခြင်းများ ဖြစ်သည်။
အမဲလိုက်ခြင်းမျိုးကို တောင်ယာလုပ်ငန်း ပြီးချိန်များတွင် ရွာလုံးကျွတ်ပါဝင်၍ ပြုလုပ်ကြသည်။ မိုးကုန်၍ စိုက်ပျိုးရေးလုပ်ငန်းများ ပြီးဆုံးသောအခါ ရွာတွင်အတွေ့အကြုံရှိသော မုဆိုးကြီးများက ဦးဆောင်၍ စီစဉ်ပေးသည်။ အဖွဲ့ တစ်ဖွဲ့တွင် ဦးရေ ၂၀ ထက်မနည်းဖွဲ့စည်းပြီး တစ်ပတ်မှ နှစ်ပတ်ကြာအထိ တောထွက်၍ လိုက်ကြသည်။ တစ်ခါတစ်ရံ မိမိတို့ရွာမှ မိုင် ၅၀ ကျော် ဝေးသောနေရာများသို့ပင်ရောက်သွားတတ်ကြသည်။ မတူပီမြို့နယ် လောင်ဗန်း ရပ်ကွက်နေ ပညာရေးအငြိမ်းစား ဦးလှပိုးက အမဲလိုက်ရာတွင် သားကောင်အမျိုးအစားကို လိုက်၍ လူငါးဦး၊ လူ ၂ဝ လူများရင်များသလို တူမီး၊ နှစ်လုံးပြူးသေနတ်များကိုင်၍ အမဲလိုက်ကြကြောင်း၊ ချေကို တစ်မိုင်ဝန်းကျင် ခန့်လိုက်ရကြောင်း၊ တောဝက်၊ ဆတ်သတ္တဝါတို့ကို နေ့ဝက်(သို့မဟုတ်) တစ်ရက်ခရီးသွား အမဲလိုက်ရကြောင်း၊ တောဝက်ကို စပါးမှည့်ခါနီး အောက်တိုဘာလတွင် လင့်စင်ထိုး၍ ပစ်ခတ်ရကြောင်း၊ သားကောင်ကြီးကြီးမိပါက ရွာမှလူများကိုခေါ်၍ ခွဲဝေစားကြကြောင်း၊ ကျား သတ္တဝါများကို လင့်စင်ထိုး၍ ချောင်းမြောင်းပစ်ခတ်ရကြောင်း ပြောသည်။
၎င်းအပြင် အမဲမလိုက်မီ ယဇ်ပူဇော်ရ ကြောင်း၊ ချင်းဘာသာအရ ရမ်ထမီးအာရ်ထဟု ခေါ်ကြောင်း သိရသည်။ အဓိပ္ပာယ်မှာ တောထွက်ရန် ကြက်သတ်ဗေဒင်မေးပွဲဟူ၍ ဖြစ်သည်။ မုဆိုးသက်အရင့်ဆုံးသူသည် ယဇ် ပူဇော်ပွဲကို ကမကထပြုလုပ်သည်။ အင်္ဂါစုံလင်၍ လှပသောကြက်တစ်ကောင်ကို အမဲလိုက်မည့်တောစပ်၌သတ်၍ နတ်တင်ရသည်။ ကြက်သတ်စဉ် ကြက်၏ သေခါနီး အကြောဆွဲပုံ၊ ဦးခေါင်းခါပုံကိုကြည့်ပြီး အမဲလိုက်ရန် သင့်၊ မသင့် နိမိတ်ဖတ်ကြသည်။ ကြက်သည် ( တစ်ချက်တည်း အကြာမဆွဲဘဲသေသော် နိမိတ်မကောင်းဟု ယူဆသည်။ သို့သော် အကြောဆွဲပြီးမှ သေသည်သာများသည်။ ဦးခေါင်းသည် သုံး၊ လေးကြိမ် တွန့်လိန်ပြီးမှ သေသော် အမဲကောင်များများရပြီး အားလုံးပျော်ရွှင်စွာ ပြန်ရောက်ကြမည်ဟု နိမိတ်ဖတ် သည်။ အချို့ဒေသများတွင်မူ ရွာအလယ် လမ်းဘေးမှာပင် ယဇ်စင်ကလေးများ ပြုလုပ် ထားတတ်သည်။ ကျောက်ပြားကိုခင်း၍ကျောက်တုံးကို ထောင်စိုက်ထားသည်။ ယင်းကျောက်ပြားပေါ်တွင် ကြက်အပြင် ဝက်ကိုလည်းသတ်၍ ယဇ်ပူဇော်ကြသည်။
တောခြောက်၍ အမဲလိုက်သောပွဲကြီးများကို အနီးအနားရှိရွာသုံးလေးရွာ စုပေါင်း၍လည်း ပြုလုပ်တတ်ကြသည်။ တောကောင်တို့ သွားရာလမ်း၊ ခိုအောင်းရာနေရာများကို သိသော မုဆိုးဟောင်းကြီးများ လိုက်ပါလာကြပြီး ရွာရှိခွေးများကလည်း ကူညီကာ တောခြောက်ပေးကြသည်။ လူအုပ်များပြီး လက်နက်များလည်း ပြည့်စုံသဖြင့် အလွန်နက်သော တောကြီးထဲသို့ပင် ဝင်၍ တောခြောက်ကြသည်။ ကျား၊ ကျားသစ်နှင့် ဆင်၊ ပြောင် စသည်တို့ကိုမူ ချောင်းမြောင်း၍ဖြစ်စေ၊ ထောင်ချောက်နှင့် ထောင်၍ဖြစ်စေ အမဲလိုက် ယူကြသည်။
လူများစုနှင့် တောခြောက်ပြီး အမဲလိုက်ခြင်းသည် အန္တရာယ်လည်းများလှသည်။ တိရစ္ဆာန်တို့၏ ရန်မူခြင်းကို ခံရတတ်သကဲ့သို့ အမဲကောင်ကို ပစ်သောကျည်ဆန်က တောခြောက်သူအား ထိမှန်ခြင်းမျိုးလည်း ရှိသည်။ သားကောင်က တောခြောက်သူတစ်ဦးဦးကို ခုခံတိုက်ခိုက်ရာ ကျန်တောခြောက်သူများက သားကောင်ကို ရိုက်နှက်တိုက်ခိုက်ရင်း သားကောင်ရောလူပါထိပြီး နှစ်ဦးလုံးသေဆုံးရ သည်လည်းရှိသည်။ ဤကဲ့သို့ ရှောင်တခင် ကိစ္စမျိုးဖြစ်လာလျှင် လုပ်ငန်းကိုရပ်၍ ရွာသို့ ဦးလှည့်ပြန်ကြရသည်။ ကြီးမားသော အမဲကောင်ကို စတင်ပစ်ခတ်ရသူသည် ကံကောင်း သူဖြစ်ပြီး သူ့အားချီးကျူးပွဲလုပ်ရန် နေအိမ်သို့ လိုက်ပါလာကြသည်။ လမ်းတစ်လျှောက်လုံးတွင် သေနတ်များပစ်ဖောက်၍ ကဗျာများ လည်း ရွတ်ဆိုလာကြရသည်။ ရွာတွင်ကျန်ရစ်သော မိန်းမများကလည်း သေနတ်သံနှင့် ကဗျာရွတ်ဆိုသံများကို အဝေးမှကြားသည်နှင့် တစ်ပြိုင်နက် ခေါင်ရည်အိုးများကို ပလိုင်းတွင် ထည့်၍ရွက်ကာ ရွာအဝင်ဇရပ်များမှ ဆီးကြိုလေ့ရှိကြသည်။ အမဲပစ်သူ၏ အိမ်သို့ရောက်သော အခါ နွား၊ ကျွဲ၊ ဝက်စသည်ဖြင့် လိုက်ပါလာသူ အားလုံး စားနိုင်လောက်အောင်သတ်၍ အမဲလိုက်အောင်ပွဲခံကာ ကဆို၊ တီးမှုတ် စားသောက်၍ ပျော်ကြသည်။
ဆားဟရန်ခေါ် ကြီးမားသော ဆင်၊ ပြောင်၊ ကျွဲရိုင်းကြီးများကိုပစ်၍ရလျှင် အကြီးဆုံးနှင့် အခမ်းနားဆုံး အမဲအောင်ပွဲကြီးကျင်းပသည်။ အမဲကောင်ကိုထမ်းပြီး ရွာသို့ပြန်လာကြသည့်အခါ မိန်းမများက ခေါင်ရည်ဖြင့်ကြိုဆို ၍ တိုက်ကျွေးကြသည်။
ချင်းလူမျိုးများသည် ပါးစပ်ရာဇဝင်အရ ကျားမှဆင်းသက်သောအမျိုးဟု အယူရှိကြသဖြင့် ကျားကိုပင် ဘိုးဘိုးဟု ခေါ်ကြသည်။ ထို့ကြောင့် ကျားကိုပစ်ပြီး သီချင်းဆိုခဲ့သော် ကျားအမျိုးအနွယ်များ ကြားမည်၊ ကြားလျှင် စိတ်မကောင်းဖြစ်ကြမည်။ စိတ်ဆိုးပါက ပစ်သူအပေါ် လက်စားချေလိမ့်မည်ဟု ရှေးအခါကယုံကြည်ကြကြောင်း သိရသည်။
(ဆက်လက်ဖော်ပြပါမည်)