၂၃-၁၁-၂၀၁၉ ရက်မှ အဆက်)
ဆင်၊ ကြောင်၊ ကျွဲရိုင်းစသော အမဲကောင်ကြီးများကိုပစ်သူသည် မကောင်းဆိုးဝါးများ အန္တရာယ်မပြုနိုင်ရန်နှင့် အသားများစားနိုင်ရန် ထွာဒိုင်းရ်စရာ့အာရ်ထခေါ် ယဇ်ပူဇော်ပွဲကို ကျင်းပရသည်။ ချောင်း၍အမဲ ပစ်နည်းမှာ ချုံခို၍ဖြစ်စေ၊ သစ်ပင်မြင့်ပေါ်မှာ စောင့်ချောင်း၍ဖြစ်စေ ပစ်ခတ် ခြင်းဖြစ်သည်။ အထူးသဖြင့် တောင်ယာမီးရှို့ပြီးချိန်၌ အငန်ဓာတ်ပါသော မီးလောင်ပြာကိုလာစားကြသော သားကောင်များကို ချောင်းမြောင်းပစ်လေ့ရှိ သည်။
ထောင်ချောက်နှင့် ထောင်ခြင်းတွင် ကျော့ကွင်း၊ ညွှတ်ကွင်းများနှင့် ထောင်ခြင်း၊ ပိုက်ကွန်များနှင့် ထောင်ခြင်း၊ သစ်တုံးနှင့်ထောင်ခြင်း၊ ကြီးမား သောကျင်းများတူး၍ ထောင်ခြင်းစသည်ဖြင့် နည်းအမျိုးမျိုးကို အသုံးပြုကြ သည်။ ထောင်ချောက်အား မထောင်သင့်သောနေရာများလည်းရှိသည်။ ဆရာပီလ် ခေါ် ကျွဲ၊ နွား တိရစ္ဆာန်များ၏ စားကျက်များတွင် ထောင်ချောက်များ မထောင်ရခြင်း၊ တောင်ယာလုပ်ချိန်တွင် တောင်ယာထဲ၌လည်းကောင်း၊ ဥယျာဉ်ခြံများတွင်လည်းကောင်း၊ ထင်းခွေ၊ သစ်ခုတ်သောတောများတွင် လည်းကောင်း ထောင်ချောက်မထောင်ရပေ။
ရှေးရိုးအစဉ်အလာအရ ပေးသင့်သူများသို့ ပေးရသောစည်းကမ်းကို ချင်းဘာသာဖြင့် ရမ်စား ဟုခေါ်သည်။ အမဲလိုက်သူသည် အမဲကောင်၏ နောက်ခြေထောက်နှင့် ပေါင်ကိုသူကြီးသို့ ပေးရသည်။ ရမ်စားမှာ ရွာသူကြီးက မိမိရွာပိုင်နက်အတွင်းရှိ တောင်ယာများနှင့် တောတောင်များမှ ထွက်သော ကုန်ပစ္စည်းများအပေါ်ရယူနိုင်သော အစဉ်အလာအခွင့်အရေးဖြစ်သည်။ ယင်း အစဉ်အလာကို ဇာစောင် မျိုးနွယ်စုများနေထိုင်သော ရွာတိုင်းတွင်ကျင့်သုံး သည်။ အမဲလိုက်ရာတွင် မိမိရွာပိုင်နက်နယ်မြေမှလွန်၍ မိုင် ၅၀ ကျော်အထိ လိုက်တတ်ကြရာ ရွာပိုင်မြေအလွန်မှရသော အမဲကောင်အပေါ် ရမ်စား ရှိ၊ မရှိ ပြဿနာဖြစ်တတ်သည်။ ထိုအခါ အမဲကောင်ရသော နေရာဒေသမှ ရွာသူကြီး က ရမ်စား ရသင့်သည် သို့မဟုတ် အမဲပစ်သူနေသောရွာမှ ရွာသူကြီးကသာ ရသင့်သည်ကို အဆုံးအဖြတ်ပေးကြရသည်။ လက်တွေ့အားဖြင့်ကား စုပေါင်း ၍ တောခြောက်အမဲလိုက်ခြင်းဖြစ်ပါမူ ရသောအမဲကို တောခြောက်အမဲလိုက် ရာတွင် ပါဝင်သူအားလုံးညီတူညီမျှ ခွဲဝေစားသုံးကြသည်ကများသဖြင့် ပြဿနာမဖြစ်ချေ။
ရွာကိုအန္တရာယ်ပြုနေသော ကျား၊ ကျားသစ်စသော သားရဲများကို ရွာလုံး ကျွတ်စုပေါင်း၍ ထောင်ဖမ်းသောအခါ ဦးခေါင်းကို ရွာသူကြီးကသာရသည်။ သူကြီးက ကျားသင်္ဂြိုဟ်ပွဲ ပေါ်ပီးဗွီ ကျင်းပပြီးနောက် ကျားခေါင်းကို ပေးလိုသူသို့ ပေးနိုင်သည်။ အမဲကောင်၏သွေးကို ဒုတိယအကြိမ် ထွက်အောင်ပစ်သူမှာ ခေါင်းပိုင်ရှင်ကဲ့သို့ ဆာအိုက်ပွဲကြီးများ ပြုလုပ်နိုင်ခွင့်မရှိသော်လည်း အမဲကောင် မှ အကောင်းဆုံးနှင့် အများဆုံးအသားကိုရနိုင်သည်။ ဆာအိုက်ပွဲကြီးတွင် အကောင်းဆုံးခေါင်ရည်ကို အကြီးဆုံးအိုးကြီးနှင့် ဧည်ခံပြုစုနိုင်ခွင့်ရှိသည်။ ဤသည်ကို ဆန်ဆွန်ပါ ရပိုင်ခွင့်ဟု ခေါ်သည်။

အချို့ဒေသများ၊ ရွာများနှင့် မျိုးနွယ်စုများတွင် အမဲကောင်ကို ပထမသွေး ထွက်အောင်ပြုလုပ်မှုနှင့်ပတ်သက်၍ အယူအဆအမျိုးမျိုးရှိကြသည်။ သွေးများ ယိုစီးထွက်လာမှသာ သွေးထွက်သည်ဟုမဆိုဘဲ သွေးခြည်ဥခြင်း၊ ပွန်းပဲ့ခြင်း၊ အရေခွံကွာခြင်းစသော ဒဏ်ရာမျိုးရရှိအောင် ပထမဆုံးပြုလုပ်ခြင်းကိုလည်း သွေးထွက်အောင်လုပ်နိုင်သူဟု အသိအမှတ်ပြုကြသည်။ ထို့နောက် ထိမှန်ရာ တွင်လည်း ဦးခေါင်းတွင်သာမက ချို၊ ခွာ၊ ခြေထောက်မှအစ သားကောင်၏ မည်သည့်နေရာကိုမဆို ပထမဦးဆုံးထိမှန်အောင်ပစ်နိုင်လျှင် ပထမသွေးထွက် စေခြင်းဟု ယူဆကြသည်။

အမဲကောင်များရရှိလာလျှင် ဓလေ့ထုံးစံအရ မည်သည့်အပိုင်းမှအသားကို မည်သူအားပေးရမည်စသည်ဖြင့် တစ်ဖန်ခွဲဝေပေးပြီးနောက် ကျန်သော အသားအားလုံးကို ဟင်းအိုးကြီးတစ်ခုတွင် ချက်ပြုတ်ပြီး အားလုံးမြိန်ရှက်စွာ စုပေါင်းစားသောက်ကြသည်။ ယင်းအလေ့အထများကို အထူးသဖြင့် တီးတိန်၊ ဖလမ်း၊ ဟားခါး၊ မတူပီစသောနယ်များတွင် ကျင့်သုံးကြသည်။
မင်းတပ်၊ မတူပီဖက်တွင် ကလေးများကင်ပွန်းတပ်သောအခါ ယောက်ျားလေးဖြစ်ခဲ့လျှင် မုဆိုးကောင်းဖြစ်လာစေရန်ရည်ရွယ်၍ လေးနှင့် မြားကလေးများကို စတိသဘောပြုလုပ်ပြီး ကလေးလက်ဝယ် ဆုပ်ကိုင်စေ သည်။ ဤမျှအထိ အမဲလိုက်မှု၏ အရေးပါခြင်းကို ဂရုပြုကြောင်းသိနိုင်ပေ သည်။ တောခြောက်အမဲလိုက်ရာတွင် လူအနည်းငယ်နှင့်လည်း လိုက်လေ့ရှိ ကြသည်။ မင်းတပ်၊ မတူပီမြို့နယ်၌ တောလိုက်ကြတော့မည်ဆိုလျှင် တောကိုတိုင်တည်ခြင်းပြုကြသည်။ မကန်းမျိုးနွယ် ချင်းတိုင်းရင်းသားတို့သည်
အမဲလိုက်မည့်အချိန်တွင် အမဲလိုက်မည့်နေရာရှိ သစ်ပင်ကြီး၊ ကျောက်တောင်ကြီး များဆီသို့သွားပြီး ကြက်ဥသုံးလုံးကို ထိပ်တည့်တည့်တွင်ဖောက်ကာ တိုင်ပေါ် တင်၍ ပသကြသည်။ ထို့နောက် ကြက်ကိုသတ်၍ နိမိတ်ဖတ်လေ့ရှိကြသည်။
ပလက်ဝနယ်ဘက်တွင် ဆင်၊ ကျား၊ ကျားသစ်၊ ချေ၊ ဆတ်၊ တောဝက်၊ ပြောင်၊ တောကြက်၊ အောက်ချင်းငှက်၊ အောင်လောက်၊ လိပ်၊ ဖွတ်၊ ယစ်၊ မျောက်အမျိုးမျိုးနှင့် ဝက်ဝံတို့ရှိသည်။ ကျောက်ပန်းတောင်တွင် ကြံ့များကို ပင်တွေ့မြင်နိုင်သည်။ အမဲလိုက်သောလက်နက်များမှာ လေး၊ မြား၊ ဒူးလေး၊ လှံ၊ ဓား၊ တူမီးသေနတ်၊ ကျောက်မီးသေနတ်များနှင့် ခါးချိုးသေနတ်များဖြစ် ကြသည်။ တူမီးသေနတ်များကို အများအပြား အသုံးပြုကြသည်။ စစ်အတွင်းက ကျန်ရစ်သော ဗုံးဆန်များ၊ ယမ်းတောင့်များမှ ယမ်းမှုန့်ဖြင့် ယမ်းတောင့်များ ပြုလုပ်ကြသည်။
ယမ်းမှုန့်များကို ရိုးရာနည်းအတိုင်း ထုတ်လုပ်လေ့ရှိကြသည်။ ပြုလုပ် နည်းမှာ အိမ်တွင်မွေးမြူထားသော တိရစ္ဆာန်များမှစွန့်သော ကျင်ကြီးကျင်ငယ် များနှင့် မြေကြီးများကို အဆွေးခံ၍ ယင်းမြေဆွေးများကို ရေနှင့်ဖျော်စပ်ပြီး ရေကိုကျိုချက်သောအခါ ယမ်းစိမ်းမှုန့်ရသည်။ ယင်း ယမ်းစိမ်းမှုန့်များနှင့် မီးသွေး၊ ကန့်တို့ကိုရောထောင်းလျှင် ယမ်းမှုန့်ဖြစ်လာသည်။ ဤသို့ဖြင့် ခဲသီး များထည့်ပြီး ကျည်ဆန်လုပ်ယူကြသည်။ ပလက်ဝနယ်တွင် သားကောင်များကို ဝါးချွန်များစိုက်ပြီးနောက် သစ်ရွက်များဖုံးအုပ်ထားသော တွင်းထောင်ချောက် များနှင့် ထောင်ခြင်း၊ ကြိုးကွင်းတပ်ထောင်ခြင်း၊ သံညှပ်ထောင်ချောက်များနှင့် ထောင်ခြင်း၊ တုံးပိတ်(တုံးပိ)များနှင့် ထောင်ခြင်းဟူ၍ နည်းအမျိုးမျိုးဖြင့် ဖမ်းလေ့ရှိသည်။
အမဲလိုက်ခြင်းဓလေ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားညီအစ်ကိုလူမျိုး များတိုင်းတွင် ဓလေ့ထုံးစံတစ်ခုအနေဖြင့် ရှိနေကြပြီး လူသားများ၏ အသက် ဘေးအန္တရာယ် လုံခြုံမှုပေးစွမ်းသော အကာအကွယ်လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ယခုအခါ အသိပညာရင့်ကျက်လာသော လူသားတို့သည် သဘာဝ ပတ်ဝန်းကျင်ကိုထိန်းသိမ်းရန် မြေပြင်၊ ရေပြင်၊ ကမ္ဘာအနှံ့၌ ကျက်စားနေထိုင်ကြ သော သတ္တဝါများအား ကာကွယ်ပေးလျက်ရှိကြသည်။
တစ်ဖက်တွင်လည်း ရိုးရာအမဲလိုက်ခြင်းဓလေ့သည် ရှေးယခင်က လောက် တွင်ကျယ်ခြင်းမရှိသော်လည်း ရိုးရာဓလေ့ထုံးစံအရ အနည်းအကျဉ်း ရှိနေဦးမည်ဖြစ်သည်။ လူသားအချင်းချင်း သတိပေးဖျောင်းဖျပြောဆိုခြင်း၊ လူမှုဆက်သွယ်ရေးကိရိယာများဖြင့် ပညာပေးခြင်းဖြင့် သတ္တဝါများကို ကယ်တင်ရာရောက်ပေသည်။ သို့သော် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအရသော် လည်းကောင်း၊ လူသားများ၏ အစာအာဟာရ လိုအပ်ချက်အရသော်လည်း ကောင်း၊ လူသားအဖွဲ့အစည်းအတွက် အသက်အိုးအိမ်အန္တရာယ် ထိပါးလျှင် သော် လည်းကောင်း၊ အသက်အန္တရာယ်လုံခြုံမှုရရှိရန်အတွက်၊ လူသားများ ၏ဘဝကို ကာကွယ်ပေးရန်အတွက် အမဲလိုက်ခြင်းဓလေ့သည် တိမ်မြုပ်ပျောက် ကွယ်သွားမည်မဟုတ်ဘဲ ရိုးရာဓလေ့အစဉ်အလာအရ ရှိနေဦးမည်ဟု ဆင်ခြင် သုံးသပ်မိပေသည်။ မင်းလပြည့်(ဟားခါး)
မှီငြမ်း
တိုင်းရင်းသားရေးရာ ဓလေ့ထုံးတမ်းစဉ်လာများ (၁၉၆၈)ခုနှစ်
ဦးလှပိုး (မတူပီမြို့) ပညာရေးဝန်ထမ်း (အငြိမ်းစား)

ကြေးမုံ