မုံရွာ ၁၈ နိုဝင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းဒေသများ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Myanmar Heritage Tourism Rally  (MHTTR) အဖွဲ့တို့ ပူးပေါင်းကျင်းပမည့် နာဂခရီးစဉ် (Journey to the Nagaland) ကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ (၁ဝ)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၉)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းဌေးက ပြောသည်။

 

''နာဂနှစ်သစ်ကူးပွဲတော်နဲ့ တိုက်ပြီးစီစဉ်တာပေါ့၊ အဲဒီပွဲစဉ်အတွက်ကို (MHTTR) က ခရီးသွားအဖွဲ့က ဦးဆောင်ကျင်းပတာ ဖြစ်တဲ့အတွက် ကားတွေက သူတို့ဘက်ကတာဝန်ယူတာ၊ သွားမယ့်လမ်းကြောင်း တစ်လျှောက်မှာ ကြော်ငြာလုပ်သွားမယ်၊ ရွာတချို့တွေမှာလည်း လှူဒါန်းသွားမယ်၊ နောက်တစ်ခါ လေရှီးမြို့မှာ ကျင်းပမယ့် ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာ ယဉ်ကျေးမှုရွာတွေ တည်ဆောက်နေတာရှိတယ်၊ အဲဒီမှာ သူတို့အဖွဲ့လှူထားတဲ့ အဆောက်အဦတွေလဲ ရှိပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းဌေးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းဒေသ မြို့နယ်များရှိ အထင်ကရနေရာများကို ဖော်ထုတ်ပြီး ခရီးသွားလုပ်ငန်းများ ဖော်ထုတ်လုပ်ဆောင်ရန်အတွက် ခရီးရှည်ကားမောင်းပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

''ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရီးသွားနေရာတွေကို အများပြည်သူတွေ သိရှိစေဖို့အတွက် လုပ်ဆောင်တာပါ၊ မနှစ်က ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းဒေသတွေကို ကားမောင်းပွဲနဲ့အတူ ခရီးသွားလုပ်ငန်း မြှင့်တင်ပေးနိုင်ခဲ့တဲ့အတွက် ခရီးစဉ်အတော်များများကို သိရှိသွားတယ်၊ လာရောက်လည်ပတ်ကြတယ်၊ အခုနှစ်မှာလည်း ချင်းတွင်းမြစ် အနောက်ဘက်ခြမ်း ဒေသတွေမှာရှိတဲ့ ခရီးသွားတွေ လည်ပတ်လို့ကောင်းနိုင်တဲ့ နေရာတွေကို သိရှိနိုင်စေဖို့လုပ်ဆောင်တာပါ'' စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။

 

၂ဝ၁၉ ခုနှစ် နာဂခရီးစဉ် (Journey to the Nagaland) ကို ပထမနေ့တွင် ရန်ကုန်မှ မုံရွာ မြို့သို့လည်းကောင်း၊ ဒုတိယနေ့တွင် မုံရွာမြို့မှ အလောင်းတော်ကဿပ – ကလေးဝ - မော်လိုက်မြို့သို့ လည်းကောင်း၊ တတိယနေ့တွင် မော်လိုက် - လက်ဆေးကန် - စော်ဘွားရေရှင် - တမူး - ဟုမ္မလင်းမြို့သို့ လည်းကောင်း၊ စတုတ္ထနေ့တွင် ဟုမ္မလင်း - ပင်းမ (ဇက်ကူး) ထမံသီ - လေရှီးမြို့သို့ လည်းကောင်း၊ ပဉ္စမနေ့နှင့် ဆဋ္ဌမနေ့တွင် နာဂရိုးရာပွဲတော်တွင်လည်းကောင်း၊ သတ္တမနေ့တွင် လေရှီး - ထမံသီ - ဟုမ္မလင်း - ဖောင်းပြင် - မူးချောင်း/မိုင်းချောင်းသို့ လည်းကောင်း၊ အဌမနေ့တွင် မူးချောင်း/မိုင်းချောင်း - မဟာမြိုင်တောလမ်း - သက္ကယ်ကျင်း - ရေဦး - ရွှေဘို - စစ်ကိုင်းမြို့သို့ လည်းကောင်း၊ နဝမနေ့တွင် စစ်ကိုင်းမြို့မှ ရန်ကုန်မြို့သို့ လည်းကောင်း ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)