မုံရွာ   ၁၀   မေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြစ်သဲကျောက်ထုတ်ယူခြင်းလုပ်ငန်းများကို ချင်းတွင်းမြစ်အတွင်းမှ အများဆုံး ထုတ်ယူလုပ်ကိုင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုး၏ ပြောကြားချက်အရ သိရသည်။

 

 “မြစ်သဲကျောက် ထုတ်ယူခြင်းလုပ်ငန်းကို တစ်နှစ်တစ်ကြိမ် ခွင့်ပြုပေးတယ်၊ မြစ်သဲကျော်ထုတ်လုပ်မဲ့ ဧရိယာတွေက ရေလမ်းကြောင်းကို ထိခိုက်မှုရှိ/မရှိကို ကျွန်တော်တို့ဌာနက ကွင်းဆင်းစစ်ဆေးတယ်၊ ရေလမ်းကြောင်းနဲ့ လွတ်ကင်းတယ်ဆိုရင် ကျွတော်တို့က ထောက်ခံပေးရတယ်၊  လုပ်ကိုင်ခွင့်ကိုတော့ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးက ထုတ်ပေးတယ်၊ ချင်းတွင်းမြစ်ထဲမှာ မြစ်သဲကျောက် ထုတ်ယူမှုက အများဆုံး ဖြစ်တယ်၊ မြို့နယ်အနေနဲ့ဆိုရင် မုံရွာဧရိယာအတွင်းမှာ အများဆုံး လုပ်ကိုင်ကြတယ်၊ လုပ်ငန်းရှင် (၇၀)ဦးလောက်ရှိတယ်၊ ကျွန်တော်တို့ဌာနအနေနဲ့က ရေလမ်းကြောင်း ပျက်စီးမှုလည်း မရှိရအောင် စနစ်တကျနဲ့ ထုတ်လုပ်နိုင်အောင် ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး ဧရိယာသတ်မှတ်ပေးတဲ့ နေရာတွေမှာပဲ ထုတ်လုပ်ကြဖို့ပြောတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးက ပြောသည်။

 

မြစ်သဲကျောက်ထုတ်ယူနေမှုအနေဖြင့် ချင်းတွင်းမြစ်အတွင်း (၈)နေရာတွင် လည်းကောင်း၊ မူးမြစ်အတွင်း (၃)နေရာနှင့် ၎င်းမြစ်များအတွင်းသို့ စီးဝင်လျက်ရှိသော ချောင်းများအတွင်းမှ (၇)နေရာ စုစုပေါင်း (၁၈)နေရာတို့တွင် မြစ်သဲကျောက် ထုတ်ယူသုံးစွဲခြင်းများကို လုပ်ကိုင်ခွင့်များ လျှောက်ထားပြီး လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)