မုံရွာ   ၁၀  ဒီဇင်ဘာ

 

ချင်းတွင်းဝမှ ချင်းတွင်းအထက်ပိုင်းဒေသ ဟုမ္မလင်းမြို့နယ်အထိ ချင်းတွင်းမြစ်ကြောင်းတစ်လျောက် တွင် ဒီဇင်ဘာလအတွင်း ကမ်းပေါ်ပြအမှတ်အသား ခုရေ (၁၅၀)နှင့် ရေပေါ်ပြအမှတ်အသား ခုရေ  ၂၅၀ တို့အား တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန(ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်း ၏ ပြောကြားချက်အရ သိရသည်။

 

0489

 

ချင်းတွင်းမြစ်ကြောင်းသို့ အထက်အောက်ပြေးဆွဲလျက်ရှိသော ကုန်တင်ရေယာဉ်များနှင့် လူစီးအမြန် ရေယာဉ်များ မြစ်ရေနည်းပါးချိန်တွင် သွားလာမှုအဆင်ပြေစေရန်နှင့် ရေယာဉ် မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် ရေပေါ်ပြ အမှတ်အသားနှင့် ကမ်းပေါ်ပြအမှတ်အသားများကို တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

မြစ်ရေနည်းပါးချိန် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ရေကြောင်းပြအမှတ်အသားများချထားမှု အနေဖြင့် နိုဝင်ဘာလအတွင်းက ရေပေါ်ပြအမှတ်အသား ခုရေ  (၁၅၀)နှင့် ကမ်းပေါ်ပြအမှတ်အသား ခုရေ  ၃၄၀ တို့အား ချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

မုံရွာမြို့မှဟုမ္မလင်းမြို့အထိ ရေမိုင်(၃၈၀)အတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် နှစ်စဉ် နိုဝင်ဘာ လမှမေလအထိ ရေနည်းကာလအဖြစ် သတ်မှတ်ထားသော ၎င်းကာလတွင် ချင်းတွင်းမြစ် အထက်ပိုင်း ဒေသများ၌ မြစ်ကြောင်းကြပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် လမ်းခရီးတွင် ရေယာဉ်များ သောင်တင်မှုများ ဖြစ်ပေါ်မှုမရှိစေရန် တိုင်းဒေသကြီးရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး)မှ ရေကြောင်းပြအမှတ်အသားများကို ချထား ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)