မုံရွာ ၅ မေ
ချင်းတွင်းအထက်ပိုင်း ဒေသများသို့ လူစီးအမြန်ရေယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲခြင်း မရှိသေးသော်လည်း နေ့စဉ်ကုန်တင်ရေယာဉ်များ ရှစ်စင်းခန့်ပြေးဆွဲပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များစနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။
“နေ့စဉ် ကုန်တင်ရေယာဉ်တွေ အဝင်အထွက်ရှိတယ်။ တစ်ရက်ကို လာသတင်းပို့တာ ၁၀ စင်းလောက် ရှိပေမယ့် တကယ်ထွက်တာက ခြောက်စင်းကနေ ရှစ်စင်းလောက် ရှိတယ်။ တစ်ခါတလေမှာ ကုန်လိုအပ် ချက်အရ ရှစ်စင်းလောက်ပဲ လာသတင်းပို့တယ်။ လူစီးအမြန်ရေယာဉ် လိုင်းတွေအနေနဲ့ သင်္ကြန်မတိုင်ခင် ခရီးသည် ယာဉ်တွေက နေ့စဉ်ခြောက်စင်းလောက် ပုံမှန်ထွက်တယ်။ သင်္ကြန်အကြိုကနေ နှစ်ဆန်းတစ်ရက်နေ့အထိ နှစ်စဉ်ပုံမှန်ပိတ်တယ်၊ နှစ်ဆန်း ၂ ရက်မှာ ပြန်လည်ပြေးဆွဲရမှာ ဖြစ်ပေမယ့် သင်္ကြန်ပြီးတဲ့နောက်ပိုင်းမှာ ကိုဗစ်-၁၉ ကြောင့် ခရီးစဉ်တွေကို ပိတ်ထားတာဖြစ်တယ်။ လူစီးအမြန် ရေယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ထားပေမယ့် တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးတာကြောင့် မပြေးဆွဲသေးဘူး” ဟု ၎င်းက ပြော သည်။
တိုင်းဒေသကြီးအတွင်းဖြတ်သန်း စီးဆင်းလျက်ရှိသော ချင်းတွင်းမြစ် အထက်ပိုင်းတစ်လျှောက်သို့ မုံရွာမြို့မှ အခြေပြု ပြေးဆွဲလျက်ရှိသော ကုန်တင်ရေယာဉ်အစင်းပေါင်း ၁၄၀ ကို ကုန်တင်ရေယာဉ်အသင်း ၁၁ သင်းဖွဲ့စည်း ပြေးဆွဲလျက်ရှိရာ ကိုဗစ်- ၁၉ ဖြစ်ပွားလျက်ရှိသော ကာလအတွင်း တစ်ရက်လျှင်ရှစ်စင်းခန့်ဖြင့် ချင်းတွင်းအထက်ပိုင်းဒေသများသို့ လူသုံးကုန်၊ စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်းနှင့် စက်သုံးဆီ စသည့် ကုန်စည်များစီးဆင်းနိုင်ရေး ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


