မုံရွာ ၁၄ ဇွန်
ချင်းတွင်းမြစ်ကြောင်းအတွင်း သွားလာလျက်ရှိသော ချင်းတွင်းမြစ်ဝှမ်းဒေသရှိ ခရီးသွားပြည်သူများအနေဖြင့် ခရီးသည်များ လိုက်နာရမည့် စည်းကမ်းချက်များကို အထူးလိုက်နာရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သန်း၏ ပြောကြားချက်အရ သိရသည်။
“ခရီးသည်တွေ အနေနဲ့ကတော့ သတ်မှတ်စည်းကမ်းတွေကို လျစ်လျူရှုပြီးတော့ တစ်ချို့ခရီးသည်တွေက မတော်တဆမှုတွေ ဖြစ်လေ့ဖြစ်ထ ရှိလာတယ်၊ အဲဒါကြောင့် ကိုယ့်အသက်အန္တရာယ်အတွက် ဆင်ခြင်ဖို့လိုမယ်၊ အဲဒီအတွက် မုံရွာမြို့ကနေ အခြေပြုထွက်ခွာတဲ့ ခရီးသည်တင်အမြန်ရေယာဉ်တွေမှာ ရေယာဉ်မောင်းတွေကို ကြပ်မတ်စစ်ဆေးနေတာ ရှိသလို ခရီးသွားပြည်သူတွေကိုလည်း အသိပညာပေးဟောပြောတာတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေး နေတယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်လျောက်မှာရှိတဲ့ မြို့နယ်တွေမှာလည်း ရေယာဉ်မောင်းတွေကို အသိပညာ ပေးဟောပြောသလို၊ ရေယာဉ်ပေါ်တွေမှာလည်း ခရီးသည်တွေကို အသိ ပညာပေးဟောပြောတာတွေ လုပ်ပေးနေတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးရေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သန်းက ပြောသည်။
ခရီးသည်များ အနေဖြင့် ရေယာဉ်ပေါ်၌ လူစီးရမည့်နေရာမဟုတ်သည့်နေရာများတွင် စီးနင်းခြင်းကို မပြုရန်၊ အန္တရာယ်တစုံတရာဖြစ်ပွားပါက ရေယာဉ်ဝန်ထမ်းများ၏လမ်ညွှန်မှုကို လိုက်နာရန်၊ ရေယာဉ် မောင်းနှင်နေစဉ် မိမိနှင့်မသက်ဆိုင်သည့် ပစ္စည်းများကို ကိုင်တွယ်ခြင်းမပြုရန်၊ အသက်ကယ်ဘောကွင်းများ အသုံးပြုပုံနှင့် အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံအား လေ့လာသိရှိထားရန်တို့ကို ညွှန်ကြားထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)