မုံရွာ ၂၀ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရေဝဲနေရာ(၇)ခုအား မြစ်ရေကြီးမြင့်ချိန်တွင် လူစီးအမြန်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များအနေဖြင့် သတိဖြင့် ခုတ်မောင်းသွားလာကြရန် စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 

မိုးရာသီမှာဖြစ်တတ်တဲ့ ရေဝဲရှိတဲ့နေရာတွေမှာ ရေစီးသန်တဲ့အခါမှာ ဝဲစုပ်ပြီးနစ်တတ်တယ်၊ မိုးရာသီမှာ ရေပြင်ကတော့ကျယ်သွားပြီ ရေယာဉ်အကြီးတွေက လွတ်လွတ်လပ်လပ် မောင်းလို့ရတယ်၊ ရေယာဉ်အသေးတွေကျတော့ စက်ရပ်ပြီးမျောတာတို့မြုပ်တာတို့ဖြစ်တတ်တယ်။ လှိုင်းကြောင့် မြုပ်တာက မိုးရာသီမှာ အဖြစ်များတယ်၊ ခရီးသည်တွေ သတ်မှတ်ဦးရေထက် ပိုပြီးတင်မယ်၊ အင်ဂျင် မကောင်းတာကြောင့် ရေမျောပြီး ရေဝဲထဲရောက်မယ်ဆိုရင် မြုပ်တတ်တယ်၊ အဲဒါတွေကို သတိပြုဆင်ခြင်ဖို့ အခုလိုသတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ပါတယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးနိုင်ထွန်းက ပြောသည်။

 

သတိပေးချက်ထုတ်ပြန်သည့် နေရာများအဖြစ် မုံရွာမြို့နယ်နှင့် ကနီမြို့နယ်ကြား ရေမိုင်(၁၉)မိုင်ရှိ ရွှေစာရေးဝဲ၊ ကနီမြို့နယ်နှင့်မင်းကင်းမြို့နယ်ကြား ရေမိုင်(၉၀)ရှိ ဝက်သိုက်ဝဲ၊ မင်းကင်းမြို့နယ်နှင့် ကလေး၀မြို့နယ်ကြား ရေမိုင် (၁၄၄)ရှိ ပေဝဲ၊ ကလေး၀မြို့နယ်နှင့် မော်လိုက် မြို့နယ်ကြား ရေမိုင်(၁၆၀)ရှိ လောင်းဂရိတ်ဝဲ၊ ကလေး၀မြို့နယ်နှင့် မော်လိုက်မြို့နယ်ခြားရေမိုင် (၁၆၅)ရှိမစိန်ဝဲ၊ မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အကြား ရေမိုင်(၂၃၀)ရှိ ရွှေပုလ္လင်ဝဲ၊ ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်ကြား ရေမိုင်(၄၄၇)ရှိ ကတိုးဝဲတို့အား ဖြတ်သန်းမောင်းနှင်သွားလာကြမည့် လူစီးအမြန်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ သတိပြုသွားလာနိုင်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)