မော်လိုက် ၂၉ ဇူလိုင်            


            
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် လောင်းကောင်းကျေးရွာအုပ်စု ညောင်ဝန်းကျေးရွာ၌ ချင်းတွင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ဇူလိုင်လ(၂၂)ရက်နေ့နှင့် (၂၆)ရက်နေ့များက ကြိုတင်ဖျက်သိမ်းပြီး ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု(၄)စုအတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဝင်းစိုးနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက  ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။


            
အဆိုပါ ချင်းတွင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု(၄) စုအတွက် တစ်အိမ်ထောင်စုလျှင် ကျပ်တစ်သိန်း ထောက်ပံ့ရေးပစ္စည်း(၁၀)မျိုးပါ ပုံးတစ်ပုံးနှင့် တစ်ပတ်စာဆန်ဖိုး တစ်ဦးလျှင် ငွေကျပ် ၂၁၀ဝ တို့အား ထောက်ပံ့ပေးခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းစိုး ထံမှ သိရသည်။


            
မော်လိုက်မြို့နယ် လောင်းကောင်းကျေးရွာအုပ်စု ညောင်ဝန်းကျေးရွာတွင် ဇူလိုင်လ(၉)ရက်နေ့မှ ဇူလိုင်လ(၂၆)ရက်နေ့ထိ ချင်းတွင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ရွှေ့ပြောင်းထားရသည့် နေအိမ် စုစုပေါင်း(၁၅)လုံး ဘုန်းတော်ကြီးသိမ်ကျောင်းဆောင် တစ်ဆောင်နှင့် ဘုန်းတော်ကြီးကျောင်းဆောင် နှစ်ဆောင် ရွှေ့ပြောင်းထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။

 

မော်လိုက်သားလေး