မုံရွာ သြဂုတ် ၁၃

 

ချင်းတွင်းမြစ်ကမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် မြို့နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် ရေထုညစ်ညမ်းခြင်း၊ ရေနေသတ္တဝါနှင့် အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုတို့အား ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်အား ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား ၃၀၀၀ ကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ် သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရပ်ကွက်နေပြည်သူများ အဆင့်အတန်းမီစွာ နေထိုင်ရေးနှင့် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် တစ်နာရီလျှင် နိုင်လွန်ကတ္တရာ ၃၅ တန် ထုတ်လုပ်နိုင်သည့် ကွေ့ကြီးရပ်ကွက်ရှိ နိုင်လွန်ကတ္တရာစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘိုတောင် ရပ်ကွက်ရှိ ပိတောက်လမ်း အရှည် ၂၄၆၀ ပေ၊ အကျယ် ၁၈ ပေ၊ ၃ လက်မထု နိုင်လွန်ကတ္တရာ ခင်းကျင်းပြီးစီးမှု၊ ကုက္ကိုလမ်း အရှည် ၂၃၀၀ ပေ၊ အရှည် ၁၈ ပေ၊ ၃ လက်မထု နိုင်လွန်ကတ္တရာ ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

တိုင်းဒေသကြီး(ပြန်/ဆက်)