ရေစကြို  ၄  စက်တင်ဘာ

ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ ညနေ ၃ နာရီခွဲက ရေစကြိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့တွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့အိမ်ခြေ ၁၄ လုံး၊ အိမ်ထောင်စု  ၁၆ စုမှ လူဦးရေ ၇၅ ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၁,၄၀ဝ,ဝ၀ဝ နှင့် ဆန်ရိက္ခာဖိုးငွေ ၁၅၇,၅၀ဝ ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နွယ်နွယ်အောင်(ပြန်/ဆက်)