မုံရွာ ၁၅ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်တစ်လျှောက်ရှိ ရေကြောင်းကျပ်တည်းသောနေရာများဖြစ်သည့် ရိုးလာရေလမ်း၊ မော်လိုက်ရေလမ်း၊ အလုံရေလမ်း၊ မုံရွာရေလမ်းနှင့် ပေါင်းဝ-အမြင့် ရေလမ်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ် ၇၃၀ ဒသမ ၀၀ သန်း အသုံးပြု၍ ရေလမ်းကြောင်း ကောင်းမွန်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သုံးစွဲမည်

 

မော်လိုက်မြို့နယ်အတွင်းရှိ ရိုးလာရေလမ်းကောင်းမွန်ရေးအတွက် ငွေကျပ် ၁၈၀ ဒသမ ၀၀ သန်း၊ မော်လိုက်ရေလမ်းကောင်းမွန်ရေးအတွက် ငွေကျပ် ၁၅၀ ဒသမ ၀၀ သန်း၊ မုံရွာမြို့နယ်အတွင်း အလုံရေလမ်းကောင်းမွန်ရေးအတွက် ငွေကျပ် ၁၅၀ ဒသမ ၀၀ သန်း၊ မုံရွာရေလမ်းကောင်းမွန်ရေးအတွက် ငွေကျပ် ၁၅၀ ဒသမ ၀၀ သန်းနှင့် ချောင်းဦးမြို့နယ်အတွင်းရှိ ပေါင်းဝ-အမြင့် ရေလမ်းကောင်းမွန်ရေးအတွက် ငွေကျပ် သန်း ၁၀၀ သုံးစွဲမည်ဖြစ်ပြီး လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလဆန်းမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းအားဖြင့် ချင်းတွင်းမြစ်အတွင်း သွားလာနေသော ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ခြင်းနှင့် ဆယ့်နှစ်ရာသီပတ်လုံး ရေကြောင်းကျပ်တည်းမှုများ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

မွှေးကြူဇင်