ခင်ဦး  ၂၈   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းနှင့် ပေးသွင်းရမည့်ရက်ကို ပြင်ဆင်သတ်မှတ်ကောက်ခံလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

 

ခင်ဦးမြို့နယ်တွင် ၂၀၁၉-ခုနှစ် မိုးစပါးချေးငွေများကို ကျပ် (၁၅၅၈၇ ဒသမ ၆) သန်း ထုတ်ချေးထားရာ ဧပြီ ၂၇ ရက် နေ့ထိ ချေးငွေကောက်ခံရရှိမှုမှာ ငွေကျပ် (၅၉၆၇ ဒသမ ၆) သန်း ကောက်ခံရရှိထားပြီး ကျန်ရှိသော ချေးငွေများကို ဆက်လက်ကောက်ခံလျက်ရှိကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးသည့် စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်း များကို ယခင်က (၈) ရာခိုင်နှုန်း သတ်မှတ်ကောက်ခံလျက်ရှိရာ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်အတွက် ဧပြီလ ၁ ရက်နေ့ကစ၍ အတိုးနှုန်းများကို (၇) ရာခိုင်နှုန်း သတ်မှတ်ကောက်ခံလျက်ရှိပြီး အတိုးပေးဆပ်ရာတွင် တောင်သူများ လူစုလူဝေးမဖြစ်စေရန်နှင့် အခက်အခဲမဖြစ်စေရန် ယခင်က ချေးငွေနောက်ဆုံးပေးသွင်းရက်ကို ဧပြီ ၁၅ ရက်နေ့ သတ်မှတ် ထားရာ ယခု မေ ၁၅ ရက်နောက်ဆုံးပေးသွင်းရန် ပြင်ဆင်ထားကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် မိုးစပါးချေးငွေများကိုလည်း မေလဆန်း တွင်ထုတ်ချေးနိုင်ရန် ကျေးရွာအုပ်စုများအလိုက် ချေးငွေစာချုပ်ပုံစံများကို အခမဲ့ဖြန့်ဝေထားပြီး တောင်သူစုစုပေါင်း(၁၈၅၀ဝ) ဦးအတွက် ငွေကျပ် (၁၆၀ဝ၀) သန်း ထုတ်ချေးပေးရန် လျာထားကြောင်း မြို့နယ်မန်နေဂျာ ဦးခင်မောင်လွင်၏ ပြောကြားချက်အရ သိရသည်။

 

စိုးဝေအောင်(ခင်ဦး)