ခင်ဦး ၂၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ မြို့မဈေး၌ ငါးခြောက်အတုများရောင်းချနေကြောင်း သတင်းအရ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဌေးတင့်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာကျော်စံဝင်း၊ မြို့မရဲစခန်းမှခေတ္တစခန်းမှူး ရဲအုပ် အောင်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူ ဒေါက်တာကျော်သက်လွင်ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့မဈေးကော်မတီအဖွဲ့ဝင်တို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၄ ရက်မွန်းလွဲပိုင်းက မြို့မဈေးအတွင်းရှိ ငါးခြောက်၊ကုန်ခြောက်ဆိုင် (၈)ဆိုင်တို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်မှုမှာ ငါးခြောက်၊ကုန်ခြောက်ဆိုင်များမှ မသင်္ကာဖွယ်ရာ ငါးကြီးခြောက်များ တွေ့ရှိရသဖြင့် နမူနာအဖြစ်ယူဆောင်၍ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးသွားမည်ဟု စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဌေးတင့် ကပြောသည်။
ဖြစ်စဉ်မှာ ၂၂.၂.၂၀၂၀ ရက်နေ့ နံနက်စာအတွက် သမီးဖြစ်သူ မရင်မြိုင် က ဖခင်ဖြစ်သူ ဦးကြည်အောင် ခင်ဦးမြို့မဈေးမှ လွန်ခဲ့သော ၁၀ ရက်ခန့်က တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူခဲ့သော ငါးကြီးခြောက်များကို မီးဖုတ်ရာ ငါးခြောက်အနံ့သာရပြီး ငါးခြောက်အသားများမှာ ပလက်စတစ်အမျှင်ပုံစံ နှင့် ဆန်ကြူးအမျှင်ပုံစံများကဲ့သို့ ဖွာထွက်လာသဖြင့် ကိုင်ကြည့်ရာ အမျှင်များမှာ မာကျောပြီး စူးနေသောကြောင့် မစားရဲသဖြင့် သက်ဆိုင်ရာဌာနသို့ အသိပေး အကြောင်းကြားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးတင် က ပြောပြ၍ သိရသည်။
ချစ်စံ(ခင်ဦး)


