ခင်ဦး ၂၂ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံရေး၊ ရက်လွန် စားသောက်ကုန်များနှင့် တားမြစ်ထားသော အစားအစာများ ရောင်းချမှုမရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့် မိတ်ဖက်အဖွဲ့များ ပူးပေါင်း၍ မြို့မဈေးအတွင်း/ အပြင်ရှိ ဈေးဆိုင်ခန်းများ၊ ကျောင်းမုန့်ဈေးဆိုင်များကို ယနေ့နံနက် ၉ နာရီ က ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

2

 

ရှေးဦးစွာ ခရိုင်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ငွေနှင့် ဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးအောင်ကိုလတ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဌေးတင့်၊ မြို့မလက်ထောက် ကျန်းမာရေးမှူး ဦးပြည့်ဖြိုးအောင်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်သူခ ၊ ဈေးအကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ထိန်လင်းနှင့် အဖွဲ့ဝင် တို့ပူးပေါင်း၍ ဈေးအတွင်း၊အပြင်ရှိ ကုန်စုံဆိုင်၊ မုန့်ဆိုင်များနှင့် အသား၊ ငါးဟင်းဆိုင်များသို့ သွားရောက်၍ စားသောက်ကုန်ပစ္စည်းများတွင် အမှတ်တံဆိပ်နှင့် စတင်ထုတ်လုပ်ကုန်ဆုံးသည့် ရက်စွဲ၊ ထုပ်ပိုးမှုစနစ်တွင် ပါဝင်သည့် ပစ္စည်းများကို မြန်မာဘာသာဖြင့် ရိုက်နှိပ်ဖော်ပြထားခြင်းရှိ/မရှိ၊ ဟင်းခတ်အချိုမှုန့်ထုပ်များ ပေါင်ချိန် ပြည့်ဝမှု ရှိ/မရှိနှင့် အသား၊ ငါးဟင်းများ ရောင်းချရာတွင် လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာ တားမြစ်အစားအစာ အချိုရည် အရောင်မျိုးစုံနှင့် သက်တန်းလွန်အစားအစာ (၅)မျိုး ရောင်းချနေကြောင်း တွေ့ရှိရသဖြင့် သိမ်းဆည်းကာ ဈေးဆိုင်ပိုင်ရှင်းများအား စားသုံးသူအကာအကွယ်ပေးဥပဒေ အခန်း (၁၈) ပါ ပြဋ္ဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

ထို့နောက် ခင်ဦးအခြေခံပညာအထက်တန်းကျောင်းအတွင်း၊ အပြင်ရှိ ဈေးဆိုင်များကို ဆက်လက် စစ်ဆေးရာ တားမြစ်အစားအစာအချိုရည်အရောင်မျိုးစုံနှင့် သက်တမ်းလွန်အစားအစာများ ရောင်းချနေကြောင်း တွေ့ရှိရသဖြင့် ထပ်မံသိမ်းဆည်းပြီး၊ အဋ္ဌမတန်း ကျောင်းသား ကျောင်းသူများ ရှေ့တွင် သိမ်းဆည်းခဲ့သော တားမြစ်၊ သက်တမ်းလွန်အစားအစာများ စားသုံးမိပါက ခံစားရမည့် ရောဂါလက္ခဏာ ဆိုးကျိုးများကို ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ငွေက ရှင်းလင်းပြောကြားကာ ကျောင်းအတွင်း၌ တားမြစ်၊ သက်တန်းလွန်အစားအစာ များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ချစ်စံ(ခင်ဦး)