ခင်ဦး   ၁၂   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ မဟာသင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု (၁) စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန်နီ (၁) ပိဿာ စုစုပေါင်း ကူညီမှု (၅) မျိုးစီကို ဧပြီလ ၁၂ ရက် နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တွင် အခမဲ့ဖြန့်ဖြူး ထောက်ပံ့လျက်ရှိသည်။

 

ထိုသို့ ဖြန့်ဖြူထောက်ပံ့ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်၊ မြို့မိမြို့ဖများက ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး လာရောက်မထုတ်ယူနိုင်သော အိမ်ထောင်စုများကို လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။

 

ခင်ဦးမြို့နယ်တွင် ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၉) အုပ်စု ရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၁၇၈၉၅) ရှိပြီး ကျေးရွာများကို စားသောက်ကုန်(၅) မျိုးစီ အမြန်လက်ဝယ်ရောက်ရှိရန် ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)