ခင်ဦး ၈ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်၌ ဖေဖော်ဝါရီလ ၈ ရက် (တပို့တွဲလပြည့်နေ့) နှစ်စဉ် မင်္ဂလာရာန်အောင်ဓာတ်ပေါင်းစုစေတီကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် နွားဒုန်းပြိုင်ပွဲနှင့် မြင်းဒုန်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီလ ၇ ရက် ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။
နွားဒုန်းပြိုင်ပွဲတွင် ခင်ဦးမြို့နယ်မှ နွားဝါသနာရှင်များမှ (၁၅) ရှဉ်း၊ မြင်းဒုန်းပြိုင်ပွဲတွင် ခင်ဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့မှ မြင်း (၁၉) ကောင် တို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စတင် ယှဉ်ပြိုင်ကြပြီး နွားဒုန်းပြိုင်ပွဲတွင် ပထမ ငွေကျပ် (၅) သိန်း၊ ဒုတိယ (၃) သိန်း၊ တတိယ (၂) သိန်းနှင့် မြင်းဒုန်းပြိုင်ပွဲတွင် ပထမ ငွေကျပ် (၃) သိန်း၊ ဒုတိယ ငွေကျပ် (၂) သိန်း၊ တတိယ ငွေကျပ် (၁) သိန်း ဆုချီးမြှင့်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၏ပြောကြားချက်အရ သိရသည်။

နွားဒုန်းပြိုင်ပွဲကို ခင်ဦးမြို့နယ်တွင် ယခုဘုရားပွဲတွင်သာ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း ယခုနှစ်တွင် နွားဒုန်း ပြိုင်ပွဲသာမက မြင်းဒုန်းပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပရာ လာရောက် လာရောက်ကြည့်ရှုအားပေးသူများဖြင့် စည်ကား လျက်ရှိကြောင်း မြန်မာ့ရိုးရာ နွားဒုန်းပြိုင်ပွဲ၊ မြင်းဒုန်းပြိုင်ပွဲသည် ရှေးယခင်ကတည်းကရှိတဲ့အတွက် တိမ်ကောသွားမှာ စိုးရိမ်ကြောင်း အောင်မင်္ဂလာရပ်မှ နွားဝါသနာရှင် ဦးဇော်နိုင်က ပြောသည်။
နွားဒုန်းပြိုင်ပွဲတွင် အောင်မင်္ဂလာရပ်ကွက်တို့မှ သန့်ဇင်ဝင်းက ပထမ၊ ဒုံးကြည်က ဒုတိယ၊ ဒိုးလုံးက တတိယနှင့် မြင်းဒုန်းပြိုင်ပွဲတွင် လက်ပံကြီးကျေးရွာမှ တေလုံးက ပထမ၊ မကျီးတုံကျေးရွာမှ အောင်နိုင်ဦးက ဒုတိယနှင့် ကန့်ဘလူမြို့နယ်၊ စကျင်ကျေးရွာမှ အောင်မြတ်မိုးက တတိယ ဆုများအသီးသီး ရရှိခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)