ခင်ဦး၊ ၁၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာအုပ်စု၊ အင်းပတ်ကွေ့ဈေးတွင် နှာခေါင်းစည်း မဝတ်ဆင်သည့် ဈေးရောင်း၊ ဈေးဝယ်များကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီက ငွေဒဏ်များချမှတ်ပြီး နှာခေါင်းစည်းများ ဝတ်ဆင်စေခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့တို့က ဈေးရောင်း သူများ၊ ဈေးဝယ်သူများနှင့် ခရီသွားများကို နှာခေါင်းစည်း မဝတ်ဆင်ပါက ငွေကျပ် ၁၀ဝ၀ ပေးဆောင်စေပြီး နှားခေါင်းစည်း ဝတ်ဆင်စေခြင်းများ ဆောင်ရွက်ကြသည်။ အဆိုပါ ဈေးတွင် နှာခေါင်းစည်း မဝတ်ဆင်သည့် ဈေးရောင်းသူ၊ ဈေးဝယ်သူနှင့် ခရီးသွားများ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၄၆ ဦးကို ငွေဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
အင်းပတ်ကွေ့ဈေးသည် အနီးအနားကျေးရွာများမှ ဒေသထွက် ကုန်စိမ်းများရောင်းချရာ နေရာဖြစ်ပြီး ရွှေဘိုမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် အခြားမြို့နယ်များမှ ကုန်စိမ်းများ လာရောက် ဝယ်ယူလျက်ရှိကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


