ခင်ဦးမြို့နယ် ကျေးရွာ(၄)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ခင်ဦး  ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၄)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများမှာ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးညီညီဦးထံမှ သိရသည်။ 

၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ခြင်းကို ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ ထောက်ပံ့သည့် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)စီ အသုံးပြု၍ ခင်ဦးမြို့နယ် ရွှေပြည်သာကျေးရွာတွင် လမ်းအရှည်ပေ ၃၀၀၀  အား လမ်းအကျယ် ၁၂ ပေ ၊ ဒု ၉ လက်မ ဂျင်းခင်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ရှားတောကျေးရွာတွင် လမ်းအရှည်ပေ ၃၈၀၀  အား လမ်းအကျယ် ၁၂ ပေ၊ ဒု ၂ ပေ ၆ လက်မ ကုန်ထုတ်လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခြင်း၊ အလယ်ရှိုကျေးရွာတွင် ကျေးရွာအဝင်လမ်း အရှည်ပေ ၁၄၀၄  အား လမ်းအကျယ် ၁၂ ပေ၊ ဒု ၆ လက်မ ကျောက်ချောလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ပေါက်သင့်တုံကျေးရွာတွင် ကျေးရွာနေပြည်သူများ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် ကျေးရွာတွင်း  ဓာတ်အားလိုင်း အရှည်ပေ ၄၉၀၁ ပေ အား  ပြည်သူထည့်ဝင်ငွေကျပ် ၁၆ ဒသမ ၃ သန်း  ထည့်ဝင်၍ ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၀ ရက်တွင် စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းလုပ်ငန်းများကို ကျေးရွာများအလိုက် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီက မေ ၂၇ ရက်က စတင်ကာ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်၍ လိုအပ်သော နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုအခါ စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဒေသခံကျေးရွာနေပြည်သူများအနေဖြင့် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ခင်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီဦး က ပြောသည်။ 

လှိုင်ဝင်းလေး