ခင်ဦး ၁၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စုစာရင်းထုတ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းတို့ကို နေ့ချင်းပြီး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသစ်ပြုလုပ် ပေးခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လာရောက် ဆောင်ရွက်သူများကို ရုံးရှေ့တွင် စုံစမ်းရန်နေရာတွင် တစ်ရက်လုပ်ပေးနိုင်သည့် လူဦးရေပေါ် မူတည်ပြီး စနစ်တကျ တန်းစီ၍ တုံကင်ဖြင့် နံပါတ်များ သတ်မှတ်ပေးပြီး နံပါတ်အစဉ်လိုက် ဆောင်ရွက်ပေးခြင်း၊ လာရောက်လုပ်နိုင်သည့် ရက်သတ်မှတ်ပေးခြင်းများကို လည်းကောင်း ဆောင်ရွက် ပေးလျက်ရှိသည်။
ဆက်လက်ပြီး ၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒစာရင်းများတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိတဲ့သူများ၊ အိမ်ထောင်စုစာရင်းတွင် မပြည့်စုံခြင်း၊ မရှိခြင်းတို့ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲတို့နှင့် ညှိနှိုင်းပြီး နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုလို နံပါတ်စဉ်အလိုက် တုံကင်ယူပြီးဆောင်ရွက်ပေးတဲ့အတွက် လာရောက် ဆောင်ရွက်သူများ အနေဖြင့် စောင့်ဆိုင်းရတဲ့ အချိန်ကုန်သက်သာပြီး၊ လူစုပြုံတိုးဝေ့ခြင်းမရှိခြင်း၊ နေ့ချင်းပြီးရရှိတဲ့အတွက် နယ်မှခဏခဏ မလာရခြင်း၊ ဝန်ထမ်းများနေဖြင့်လည်း လုပ်ငန်းလုပ်ကိုင်ရာတွင် မြန်မြန်ဆန်ဆန် လုပ်ကိုင်ရတာ အဆင်ပြေကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်မိုး၏ ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)


