ခင်ဦး ၉ စက်တင်ဘာ
မြန်မာနိုင်ငံ ငလျင်ကော်မတီသည် စင်ကာပူနိုင်ငံ နန့်ယန်း နည်းပညာတက္ကသိုလ် Earth Observatory of Singapore နှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်တွင် သြဂုတ် ၃၁ ရက်နေ့ ည ၉နာရီ ၃၉ မိနစ်ခန့်က ရစ်(ခ်)စတာစကေး ၆.ဝ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သော နေရာများ၌ ပြတ်ရွေ့နှင့် နောက်ဆက်တွဲ ငလျင်များအား လေ့လာရန် ငလျင်တိုင်းစက်ငယ် (၂၀)တပ်ဆင်လေ့လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ငလျင်တိုင်းစက် ၂၀ တပ်ဆင်၍ လေ့လာမှုကို စင်ကာပူနန့်ယန်းတက္ကသိုလ်မှ ZENG. HONGYU ဦးဆောင်၍ မြန်မာနိုင်ငံမှ နန့်ယန်းတက္ကသိုလ်မှ ဦးဖြိုးမောင်မောင်နှင့် ဦးလင်းသူအောင်၊ မန္တလေးတက္ကသိုလ် ဘူမိဗေဒ ဌာန လ/ထ ကထိက ဦးဝင်းမင်းသန်း၊ မုံရွာတက္ကသိုလ် ဘူမိဗေဒဌာန လ/ထ ကထိက ဦးပြည့်ဖြိုးဟန်၊ ရန်ကုန် တက္ကသိုလ် ပါရဂူဘွဲ့သင်တန်းမှ ဒေါ်အိမှုံနံသာမျိုး တို့က ငလျင်စက်များကို Google Map Location များအတိုင်း ငလျင်ဗဟိုချက် အနီးပတ်ဝန်းကျင်၌ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးစွာ ခင်ဦးမြို့နယ် မကျီးတုံ ကျေးရွာအနီး၌ စက်တင်ဘာ ၇ ရက်နေ့က Latitude 22 .7655 3606, Longitude 95.6659 2676, Station Code. T - 16, ငလျင်တိုင်းစက် တစ်လုံးနှင့် စက်တင်ဘာ ၈ ရက်နေ့က ညနေ(၄)နာရီက ရေဦးမြို့ အောင်မင်္ဂလာရပ်ရှိ မင်္ဂလာရာမကျောင်းဝန်းအတွင်း၌ ငလျင်တိုင်းစက် တစ်လုံးတပ်ဆင်ပြီး၊ ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာ ဗဟိုပြု၍ ရစ်ချက်တာစကေး ၆.ဝ အဆင့်ရှိ သြဂုတ် ၃၁ ရက် ည ၉:၃၉ နာရီက ငလျှင်လှုပ်သွားသော အနီးပတ်ဝန်းကျင် နေရာများ၌ ငလျင်တိုင်းစက်(၁၈)လုံးကို စက်တင်ဘာလမှ အောက်တိုဘာလကုန်အထိ တပ်ဆင်သွားမည်ဟု တာဝန်ရှိသူထံမှ သိရသည်။
ချစ်စံ(ခင်ဦး)


