ခင်ဦး  ၂  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ ၂၀၁၉-၂၀၂၀ ခုနှစ်၊ မိုးရာသီကာလ သဘာဝဘေးကြောင့် မိုးစပါးပျက်စီး ဆုံးရှုံးခဲ့သည့် စိုက်ပျိုးဧက (၅၇၃၈) ဧကအတွက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးအောင်လင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်တို့က သဘာဝဘေးကြောင့် သီးနှံပျက်စီးမှုအပေါ် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ခင်ဦးမြို့နယ်၌ မိုးခေါင်မှုကြောင့်ပျက်စီးမှု ကျေးရွာပေါင်း (၁၈)ရွာမှ တောင်သူ (၃၀၁၉) ဦး၏ ပျက်စီးဧက (၅၄၈၅) နှင့် ပိုးမွှားကျရောက်မှုကြောင့်ပျက်စီးမှု ကျေးရွာပေါင်း (၂၉) ရွာမှ တောင်သူ (၄၅၆) ဦး၏ ပျက်စီးဧက (၂၅၃) တို့အတွက် တစ်ဧကလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၅၇၃၈၀၀၀၀) ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင် ထံမှ သိရသည်။

စိုးဝေအောင်(ခင်ဦး)