ခင်ဦး၊ ၁၀ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာအုပ်စုတွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို အဓိကထား စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် ထိုင်ဝမ်ပန်းမုံလာများ အောင်မြင်ဖြစ်ထွန်းသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ထိုင်ဝမ်ပန်းမုံလာမျိုး တစ်ဧကအတွက် ၁၀ ဂရမ် မျိုးထုပ်တစ်ထုပ်ကို (၈၀၀၀) ကျပ်ပေးရပြီး တစ်ဧကကို မျိုးထုပ် (၅) ထုပ်စိုက်ပျိုးနိုင်ကာ အပင်ပေါင်း (၈၀၀၀) ရရှိကြောင်း၊ စိုက်ပျိုးရာတွင် ၈ လပိုင်းမှ စတင်ပျိုးထောင်ပြီး တစ်လသား၌ ၂ ပေခွဲ ၂ ပေ အကွက်ဖြင့် ပြောင်းရွှေ့စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရက်  သုံးလခွဲတွင် စတင်ခုတ်ရောင်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ခုတ်ရောင်းရသည့်အချိန်ထိ စုစုပေါင်း ကျပ်ခြောက်သိန်းဝန်းကျင်ရှိပြီး တစ်ဧကလျှင် စရောင်းကာစ တစ်ပွင့်ကို (၅၀၀) ကျပ်ရရှိ၍ ယခုအချိန်တွင် (၃၀၀) ကျပ် ရောင်းရကြောင်း၊ ပန်းမုံလာများ တစ်ဧက ပျှမ်းမျှ (၃၀၀) ကျပ်ဈေးဖြင့် ရောင်းရလျှင် ကျပ် (၂၅) သိန်းရကြောင်း အင်းပတ်ကျေးရွာမှ ပန်းမုံလာစိုက်ပျိုးသည့် တောင်သူဦးဇော်ဦးက ပြောသည်။

 

အဆိုပါ ပန်းမုံလာများကို မိုးကုတ်၊ သပိတ်ကျင်း၊ ဗန်းမောက်၊ ကန့်ဘလူ၊ ကျွန်းလှ၊ မုံရွာ စသည့်နေရာများက လာရောက်ဝယ်ယူကြပြီး အမြတ် ကျပ် (၁၉) သိန်း ရရှိသည့်အတွက် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)