ခင်ဦး  ၃၀  ဇူလိုင်         

နိုင်ငံတော်မှချမှတ်ထားသော စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP) တို့ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကျေးရွာ(၂)ရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

 

Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော ကြို့ကန်ကျေးရွာ မြေသားမိုးရေကန်ဟောင်း ပြန်လည် တူးဖော်ခြင်းလုပ်ငန်း (၈၁၁၅၅) ကုဗပေနှင့် မြေနီသျှိုကျေးရွာ ရွာလယ်လမ်းမကြီးဘေး ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် ကျောက်ရိုးစီခြင်း (ရေမြောင်းအရှည် ၂၆၄၅ ပေ တူး၍ ၄၃၀ ပေ ကျောက်ရိုးစီခြင်း) လုပ်ငန်းများ ဆောင်ရွက်နေမှုကို ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမြင့်၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦးနှင့် ဝန်ထမ်းများက ဇူလိုင်လ ၂၉ ရက်နေ့က သွားရောက်ကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်နေသော ကျေးရွာပြည်သူများကို အားပေးစကား ပြောကြားပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။

 

ခင်ဦးမြို့နယ်တွင် Cash for Work စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သိန်း (၁၀၀) စီဖြင့် ထနောင်းကိုင်းကြီးကျေးရွာ၊ ငါးတင်းကြီးကျေးရွာ၊ သင်ပေါင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ကြို့ကန်ကျေးရွာနှင့် မြေနီသျိုကျေးရွာ စုစုပေါင်းကျေးရွာ (၆)ရွာကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်းသက်သာစေရေးနှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိစေရေး အတွက် လုပ်အားခများကို ချက်ချင်းပေးချေသည့် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးညီညီဦး ကပြောသည်။

စိုးဝေအောင်(ခင်ဦး)