ခင်ဦး ၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း (၂၄၅၆) ပင်ကို ဇွန်လ ၅ ရက်နေ့ နံနက် ၇ နာရီခန့်က အာဇာနည်ကျောက်တိုင်ကွင်းရှိ ခင်ဦးယာယီပျံကျဈေး၌ ၂၀၂၀ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေအောင်နှင့် တောအုပ်ဦးဝေဖြိုးအောင် တို့ဦးဆောင်၍ တောအုပ်၊ တောခေါင်းဝန်းထမ်းများက လျှော်ဖြူ (၃၄၀)ပင်၊ ဗန်ဒါ (၁၇၀)ပင်၊ ကျွန်း (၁၆၀)ပင်၊ မျောက်ငို (၁၀၀) ပင်၊ ပင်လယ်ကဗွီး (၁၀၅) ပင်၊ တယ် (၁၈၅) ပင်၊ ခရေ (၁၂၀)ပင်၊ ယူကလစ် (၁၀၀) ပင်၊ ပျဉ်းကတိုး (၇၀) ပင်၊ မယ်ဇယ် (၁၅၅) ပင်၊ စစ်(သစ်ဖြူ) (၁၃၀)ပင်၊ ဒဟတ် (၉၅) ပင် စုစုပေါင်းပျိုးပင် (၁၇၃၀) ပင်တို့ကို သစ်ပင်ချစ်နှစ်သက်သောပြည်သူများအား တစ်ဦးလျှင် ၆ ပေကွာ နှာခေါင်းစည်း (Mask)များတပ်ဆင်၍ တန်းစီကာ စနစ်တကျ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိနေသော သီး(၃၀)ပင်၊ ဇီးဖြူ(၃၀)ပင်၊ စိန်ပန်နီ/ပြာ(၁၈)ပင်၊ ငုရွှေဝါ(၄)ပင်၊ ကျွန်း(၁၀၀)ပင်၊ မယ်ဇယ်(၈၀)ပင်၊ ဝါး(၁၀)ပင်၊ ပင်လယ်ကဗွီး(၁၅)ပင်၊ ဗန်ဒါ(၇၀)ပင်၊ စွယ်တော်(၇)ပင်၊ သခွပ်(၂)၊ မျောက်ငို(၁၅)ပင်၊ ဖန်ခါး(၁၀)ပင်၊ အုန်းသျှစ်(၁၀)ပင်၊ တယ်(၇၀)ပင်၊ ယူကလစ်(၅၀)ပင်၊ ပျဉ်းကတိုး(၃၅)ပင်၊ လျှော်ဖြူ(၁၇၀)ပင် စုစုပေါင်းပျိုးပင် (၇၂၆) ပင်တို့ကို အောင်သာကျေးရွာတွင် (၁ ဒဿမ ၁၃)ဧကခန့်ရှိ ကိုယ်ထူကိုယ်ထ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းကော်မတီဝင်များက စနစ်တကျ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
၂၀၂၀ မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန်တွက် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင် (၂၆၆၉၇) ပင်ကို မေလ မှစ၍ မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၄၇) ရွာရှိ သစ်ပင်ချစ်နှစ်သက်သော ပြည်သူများကို အခမဲ့ ဖြန့်ဝေပေးနေကြောင်း၊ မြို့နယ်သစ်တောရုံးသို့လည်လာရောက်ယူနိုင်ကြောင်း” မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝေဖြိုးအောင်က ပြောသည်။
ချစ်စံ(ခင်ဦး)


