ခင်ဦး ၇ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခု၊ မိုးစပါးလျာထားဧက (၁၀၀၈၈၄) လျာထားရာ မိုးစပါးစိုက်ပျိုးဧက ပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများမှ ရေလိုအပ်ချက်နည်းသော စပါးစိုက်နည်းစနစ်များကို တောင်သူများနှင့်အတူ နယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

 

ခင်ဦးမြို့နယ်တွင် ဩဂုတ် ၆ ရက်နေ့ထိ မိုးစပါးပျိုးထောင်ဧက (၇၂၈၁) ကို စပါးအစွမ်းဖွင့် (SRI) ပျိုးထောင် နည်းစနစ်ဖြင့် လည်းကောင်း၊ မျိုးစေ့ထုတ်ကွက်များကို (၆) တန်း (၁) တန်းလှပ် စနစ်ဖြင့်လည်းကောင်း၊ အထူးအတွက်တိုး စိုက်ကွက်များကို (၁၀) တန်း၊ (၁) တန်းလှပ်စနစ်ဖြင့် လည်းကောင်း၊ စိုက်ပျိုးပြီးဧက (၄၂၃) ကို စပါးတိုက်ရိုက်မျိုးစေ့ချ အစို/အခြောက် စိုက်ပျိုးနည်းစနစ်ဖြင့် လည်းကောင်း၊ မျိုးစေ့ချကိရိယာ အသုံးပြု၍ လည်းကောင်း စိုက်ပျိုးလျက်ရှိရာ ကျန်ရှိနေသော မိုးစပါး စိုက်ဧကများကို လျာထားချက် ပြည့်မီရေးအတွက် စက်တင်ဘာလ လကုန်ရက်ထိ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

 

ယခင်နှစ်က (SRI) စိုက်ပျိုးနည်းစနစ်ကို (၅) ဧကသာ စိုက်ပျိုးနိုင်ခဲ့ရာ ယခုနှစ်တွင် ဧက (၂၀၀) ထိ တိုးတက် စိုက်ပျိုးသွားမည်ဖြစ်ပြီး ခင်ဦးမြို့နယ်တွင် မျိုးစေ့ထုတ်ရန်  ဧက (၁၁၅၀) စိုက်ပျိုးထုတ်လုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှကြိုင် ကပြောသည်။

 

စိုးဝေအောင်(ခင်ဦး)