မန္တလေး ၆ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံနှင့် အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များအသင်း(မန္တလေး)တို့ ပူးပေါင်းဆောင်ရွက်သည့် ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာ ကျောင်းဆင်းလက်ရာနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲ နှင့် ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ရက်များတွင် အမရပူရမြို့နယ် မန္တလေး-စစ်ကိုင်းလမ်း ရေတွင်းညီနောင်ရပ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ကျင်းပမည် ဖြစ်သည်။
ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြပွဲပြိုင်ပွဲကို ရက်ကန်းပညာရှင်များ၏ ဆန်းသစ်တီထွင်နိုင်မှုကို ဖော်ထုတ်ရန်၊ ရက်ကန်းပညာရပ်များ ပြန့်ပွားစေရန်နှင့် ဖွံ့ဖြိုးလာစေရန်၊ ရက်ကန်းလုပ်ငန်းများ တိမ်ကော ပပျောက်မှုမရှိစေရန်နှင့် စဉ်ဆက်မပြတ် အောင်မြင်စေရန်၊အထည် ဒီဇိုင်းတီထွင် ဖန်တီးမှုများကို ပိုမိုအားပေး မြှင့်တင်နိုင်စေရန်၊ ရက်ကန်းပညာရှင်များ၊ ကျောင်းဆင်းများ၊ လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ပြပွဲပထမနေ့တွင် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံဒီပလိုမာကျောင်းဆင်း လက်ရာပြပွဲ၊ ပြိုင်ပွဲ၊ ဖက်ရှင်ပြပွဲကျင်းပခြင်း၊ အထည်အလိပ်လုပ်ငန်းဆိုင်ရာ ထုတ်ကုန်ပြပွဲဖွင့်လှစ်ခြင်း တို့ပါဝင်ပြီး ဒုတိယနေ့တွင် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းနှင့်ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲ၊ ရက်ကန်းကျောင်းပေါင်းစုံ ကျောင်းဆင်းလက်ရာပြပွဲ၊ ပြိုင်ပွဲ၊ ရက်ကန်းလုပ်ငန်းရှင်များ၏ ထုတ်ကုန်လက်ရာ ဖက်ရှင်ပြပွဲများအား နံနက်၉နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)