၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၀)ကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဆုအတွက် အရေးပါသည့်ပွဲများ ပါဝင်လာပြီး ထိပ်ဆုံးမှ VUC အသင်းနှင့် တတိယနေရာမှ GV အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည်။

 

ပွဲစဉ် (၂၀) အဖြစ် နံနက် ၈ နာရီခွဲတွင် AMM Brothers အသင်းနှင့် MFF ယူ-၁၉ အသင်း၊ နံနက် ၁၀ နာရီတွင် GV အသင်းနှင့် VUC အသင်း၊ နံနက် ၁၁ နာရီခွဲတွင် Winner အသင်းနှင့် On Doctor အသင်း၊ မွန်းလွဲ ၁ နာရီတွင် မြို့မ JY အသင်းနှင့် MIU အသင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် Dream Team နှင့် Do Do Ko Ko အသင်း၊ ညနေ ၄ နာရီတွင် လက်ဝဲသုန္ဒရအသင်းနှင့် ဖူဆယ်ချစ်သူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

လက်ကျန်သုံးပွဲ လိုတော့သည့်အချိန်တွင် ချန်ပီယံဆုအတွက် သုံးသင်းသာ မျှော်လင့်ချက်ရှိတော့ပြီး GV နှင့် VUC အသင်းတို့ပွဲမှာ နှစ်သင်းစလုံးအတွက် အရေးပါနေသည်။ လေးမှတ်ကွာနေသည့် GV အသင်းအနေဖြင့် ရှုံးပွဲကြုံတွေ့ပါက ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားမည်ဖြစ်သောကြောင့် မဖြစ်မနေ ရလဒ်ကောင်းရန် လိုအပ်နေပြီး VUC အသင်းမှာလည်း ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နိုင်ရန် အနိုင်ကစားရမည် ဖြစ်သည်။

 

ပွဲစဉ် (၁၉) အပြီးတွင် VUC နှင့် MIU အသင်းတို့က ၅၅ မှတ်စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ထိပ်ဆုံးမှ ဦးဆောင်နေကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။

 

ယင်းနှစ်သင်း၏နောက်တွင် GV အသင်းက ၅၁ မှတ်၊ On Doctor အသင်းက ၃၂ မှတ်၊  Winner အသင်းက ၂၉ မှတ်၊  မြို့မ JY အသင်းက ၂၇ မှတ်၊ MFF ယူ-၁၉ အသင်းနှင့်  Do Do Ko Ko အသင်းက ၂၂ မှတ်စီ၊  Dream Team အသင်းက ၂၁ မှတ်၊ AMM Brothers အသင်းက ၁၁ မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ်ရရှိထားသည်။

 

သတင်း-ရဲရင့်ရှိုင်း