ချယ်လ်ဆီးအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ယနေ့ (မေ ၆ ရက်)နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက ရီးယဲလ်မက်ဒရစ် အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိကာ ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲမှာ မန်စီးတီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို ပွဲကစားချိန် ၂၈ မိနစ်မှာ တီမိုဝါနာ နဲ့ ပွဲကစားချိန် ၈၅ မိနစ်မှာ မာဆင်မောင့်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အခုပွဲစဉ်မှာ သွင်းဂိုး လေးဂိုးအထိ ရရှိနိုင်မယ့် အခွင့်အရေးရှိခဲ့ပေမယ့် ကန်တီနဲ့ ဟာလာ့ဇ်တို့ရဲ့ သွင်းဂိုးတွေကို ရီးယဲလ်မက်ဒရစ်ဂိုးသမား ကော်တိုရစ်ကကာကွယ်နိုင်ခဲ့ တာမို့ နှစ်ဂိုးပြတ်ဆိုတဲ့ ရလဒ်နဲ့သာ ချယ်လ်ဆီး အသင်း ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲကို တတိယအကြိမ်မြောက် တက်လှမ်းခွင့်ရရှိ ခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့မှာ ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။ ပရီမီယာလိဂ်ကလပ် အသင်းတွေထဲမှာ ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲစဉ်ကို အများဆုံးတက် လှမ်းခွင့်ရရှိခဲ့တာကတော့ မန်ယူအသင်းနဲ့ လီဗာပူးအသင်းဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို လေးကြိမ်အထိ တက်လှမ်းထားနိုင်ခဲ့ တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြတူချယ်ကတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲတက်လှမ်း ခွင့်ရရှိခဲ့တာကြောင့် မတူညီတဲ့ ကလပ်အသင်းနှစ်သင်းနဲ့ ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲကို ဘောလုံးရာသီ နှစ်ရာသီဆက်တိုက် တက်လှမ်းနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုဟာ ချန်ပီယံလိဂ် သမိုင်းမှာ အင်္ဂလန်ကိုယ်စားပြု အသင်းနှစ်သင်း သုံးကြိမ်မြောက်ထိပ်တိုက်တွေ့ ဆုံခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်း၊ ၂၀၁၉ ခုနှစ်က လီဗာပူးအသင်းနဲ့ စပါးအသင်းတို့ အသီးသီးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ချန်ပီယံလိဂ်နောက်ဆုံး ဗိုလ်လုပွဲစဉ် ကို မေ ၂၉ ရက်မှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပသွားမှာဖြစ်ပါတယ်။
ငွေကြယ်