ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့အဖြစ်  ဖေဖော်ဝါရီ ၂၅ ရက်  နံနက် ၂ နာရီခွဲက Stadio Giuseppe Meazza  ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီနာမည်ကြီး အင်တာမီလန်နှင့် နော်ဝေကလပ် ဘိုဒိုဂလင့်အသင်းပွဲစဉ်တွင် ဘိုဒိုဂလင့်အသင်းက  အကြိတ်အနယ်  ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

ဘိုဒိုဂလင့်အသင်းသည် ဖေဖော်ဝါရီ ၁၉  ရက်က  ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့တွင်လည်း အင်တာမီလန်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိထားသည်။ ထို့ကြောင့် ဘိုဒိုဂလင့်အသင်းသည် နာမည်ကြီး အင်တာမီလန်အသင်းကို    နှစ်ကျော့ပေါင်းရလဒ်    ငါးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိ အီတလီစီးရီးအေအမှတ်ပေးဇယားတွင်လည်း မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းကို ၁၀ ပြတ် ဦးဆောင်ထားသော အင်တာမီလန်အသင်းသည် ဘိုဒိုဂလင့်အသင်းကို ပွဲစတင်ကတည်းက တစ်ဖတ်သတ် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ရှုံးပွဲကြုံတွေ့ကာ နောက်တစ်ဆင့်တက်လှမ်းခွင့် လွဲချော်ခဲ့ရပြီဖြစ်သည်။

ဘိုဒိုဂလင့်အသင်းသည်  ချန်ပီယံလိဂ်ပြိုင်ပွဲ   နောက်တစ်ဆင့်တွင် မန်စီးတီးနှင့် စပို့တင်းအသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များတွင် အက်သလက်တီကိုမက်ဒရစ်က ကလပ်ဘရုဂေးကို လေးဂိုး-တစ်ဂိုး၊ နယူးကာဆယ်က ကာရာဘတ်ကို သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး လေဗာကူဆင်နှင့် အိုလံပီယာ ကော့စ် အသင်းပွဲစဉ်တွင်   ဂိုးမရှိ သရေကျခဲ့သည်။   ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်များမှ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်း  ယှဉ်ပြိုင်ကစားပြီးသည့်ပွဲစဉ်များတွင် ဘိုဒိုဂလင့်အသင်းနှင့်အတူ နှစ်ကျော့ပေါင်းရလဒ်ဖြင့် အက်သလက်တီကို မက်ဒရစ်၊ လေဗာကူဆင်နှင့် နယူးကာဆယ်အသင်းတို့ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။                  

အောင်ဇော်