ယူအီးအက်ဖ်အေချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များကို ဒီဇင်ဘာ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲက ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့၌ မဲနှိုက်ရွေးချယ်ခဲ့သော်လည်း နည်းစနစ်ချွတ်ယွင်းမှု ကြောင့် ည ၈ နာရီခွဲတွင် ပြန်လည်မဲနှိုက်ရွေးချယ်ခဲ့ရာ လက်ရှိ ချန်ပီယံချယ်ဆီးအသင်းက ပြင်သစ် ကလပ် လိုင်လီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဩစတြီးယားကလပ် ဆောလ်ဘတ်အသင်းက ဂျာမနီမှ ဘိုင်ယန်မြူးနစ်အသင်း၊ အက်သလက်တီကို မက်ဒရစ်အသင်းက မန်ယူအသင်း၊ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းက မန်စီးတီးအသင်း၊ စပိန်ကလပ် ဗီလာရီးရဲအသင်းက အီတလီမှ ဂျူဗင်တပ်စ်အသင်း၊ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက နယ်သာလန်ကလပ် အိုင်းယက်စ်အသင်း၊ အီတလီကလပ် အင်တာမီလန်အသင်းက လီဗာပူးအသင်းနှင့် တွေ့ဆုံနေ သည်။ ထို့အပြင် ပြင်သစ်မှ ပီအက်စ်ဂျီအသင်းက စပိန်မှ ရီးရဲမက်ဒရစ်အသင်းနှင့်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ပရီမီယာလိဂ်မှ လက်ရှိချန်ပီယံ ချယ်ဆီးအသင်း အပါအဝင် မန်စီးတီး၊ လီဗာပူး၊ မန်ယူတို့ လေးသင်း စလုံး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ နာမည်ကြီး ရီးရဲမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ လီဗာပူး၊ ဂျူဗင်တပ်စ်အသင်းတို့သည် အုပ်စုပထမဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်လာနိုင် ခဲ့သော်လည်း လက်ရှိချန်ပီယံ ချယ်ဆီးအသင်းကအုပ်စု ဒုတိယဖြင့်သာ တက်ရောက်နိုင်ခဲ့သည်။

ဘာစီလိုနာအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် အတွက် နှစ်ပေါင်း ၁၇ နှစ် အတွင်း ချန်ပီယံလိဂ် ရှုံးထွက်ဆင့်သို့ တက်လှမ်းခွင့်နှင့် လွဲချော် ခဲ့ရသည်။ ယခုနှစ်ရာသီတွင် သိသာထင်ရှားသည့်ပြောင်းလဲမှုအဖြစ် အဝေးဂိုးစည်းမျဉ်းကို ပယ်ဖျက် လိုက်ခြင်းဖြစ်သည်။

ရှုံးထွက်အဆင့် ပထမ အကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၃ ရက်တို့တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်များကို မတ် ၈ ရက်၊ ၉ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ ယခုနှစ်ရာသီ၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မေ ၂၈ ရက်တွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်၌ ကျင်းပမည်ဖြစ်သည်။

ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်များကိုလည်း မဲနှိုက်ရွေးချယ်ခဲ့ရာ ဆီဗီလာနှင့် ဒိုင်နမိုဇာဂရက်၊ ဇင်းနစ်နှင့် ဘက်တစ်၊ အတ္တလန္တာနှင့် အိုလံပီယာကော့စ်၊ ဒေါ့မွန်နှင့် ရိန်းဂျား၊ လိုက်ပ်ဇစ်နှင့် ဆိုစီဒက်၊ ရှီးရစ်ခ်နှင့် ဘရာဂါ၊ ဘာစီလိုနာနှင့် နာပိုလီ၊ ပေါ်တို နှင့် လာဇီယိုအသင်းတို့ ဆုံတွေ့နေသည်။

အောင်ဇော်