၂၈  အောက်တိုဘာ

ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းက မိုချန်ဂလာဘတ်အသင်းကို အဝေးကွင်းမှာ ဘန်ဇီးမားနဲ့  ကတ်စ်မဲရိုးတို့ရဲ့ နောက်ကျချေပဂိုးတွေကြောင့် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

 

ချန်ပီယံလိဂ်သမိုင်းမှာ အအောင်မြင်ဆုံး ရီးယဲလ်မက်ဒရစ်ဟာ  ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း မန်စီးတီးကို နှစ်ကျော့စလုံး အရေးနိမ့်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရသလို  ယခုရာသီမှာလည်း  ရှက်တာဒိုးနက်ခ်ကို အိမ်ကွင်းမှာ သုံးဂိုး-နှစ်ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး  မိုချန်ဂလာဘတ်ကို  ကတ်စ်မဲရိုးရဲ့ နာကျင်အချိန်ပို ၉၄ မိနစ်မှာ သွင်းယူတဲ့ ဂိုးကြောင့်သာ ချန်ပီယံလိဂ်နှစ်ပွဲဆက် ရှုံးပွဲ မကြုံတာဖြစ်ပါတယ်။

 

နည်းပြ ဇီဒန်းကတော့ နှစ်ဂိုးပြတ်ရှုံးနိမ့်နေရာကနေ ဂိုးတွေ ပြန်သွင်းယူပေးခဲ့တဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်း ဆိုခဲ့ပေမယ့် အားလုံးအတွက် ခက်ခဲတဲ့ ရာသီဖြစ်လာမယ် လို့တော့ သတိပေးစကား ဆိုခဲ့ပါတယ်။

 

ဟာဇက်ကတော့ သူ့အနေနဲ့ ဒဏ်ရာက သက်သာလာပြီဖြစ်တာကြောင့် အသင်းကို ကူညီဖို့ စိတ်အား ထက်သန်နေကြောင်း ပြောကြားခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ဟာ လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်တာမီလန်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်လို့   အုပ်စုတွင်း အားနည်းတဲ့အသင်းတွေကို တွေ့ဆုံချိန် ရမှတ်ဆုံးရှုံးမှုတွေ များခဲ့တာဟာ ကလပ်အသင်းအတွက် အတော်ကို နစ်နာမှုများတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။  ဒါပေမယ့် ဟာဇက်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ချန်ပီယံလိဂ်ပထမနှစ်ပွဲမှာ ရမှတ် တစ်မှတ်သာ ရရှိခဲ့ပေမယ့် အုပ်စု အဆင့်ကနေ လွန်မြောက်ခဲ့ကြောင်း ဥပမာပေး ပြောဆိုသွားခဲ့ပါတယ်။

 

ရီးယဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး စီရိုနယ်လ်ဒို ထွက်ခွာသွားခဲ့တဲ့နောက်ပိုင်း တိုက်စစ်နေရာမှာ ထိပ်တန်းတိုက်စစ်မှူး တစ်ဦးကို  ပြန်လည် အစားထိုး ဖြည့်ဆည်းခြင်းမရှိခဲ့ဘဲ ဗင်နီဆီးယက်စ်နဲ့ ရိုဒရီဂိုတို့လို  လူငယ်လေးတွေနဲ့ စီရိုနယ်လ်ဒိုရဲ့ ကွက်လပ်ကို ဖြည့်ဖို့ကြိုးစားနေခဲ့တာကို တွေ့ရပါတယ်။   ဒီကစားသမားလေးတွေဟာ  သူတို့အသက်အရွယ်တန်းတစ်ခုမှာ  ကောင်းမွန်တဲ့ ကစားသမားတွေလို့ သတ်မှတ်လို့ရပေမယ့်  စီရိုနယ်လ်ဒိုလို ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး နေရာကို ချက်ချင်း အစားထိုး နိုင်လောက်တဲ့အထိ ပြည့်စုံနေကြတာ မဟုတ်ပါဘူး။ 

 

ဒါ့အပြင် ဇီဒန်းက ဂျိမ်းစ်ဒရီဂွက်ဇ်လို တိုက်စစ်အားသန်ကွင်းလယ်ကစားသမားကို အဲဗာတန်အသင်းဆီ ဈေးပေါပေါနဲ့ ရောင်းချခဲ့သလို  တောင်ပံတိုက်စစ်မှူးဘေးလ်ကိုလည်း စပါးအသင်းဆီ အငှားချခဲ့တာ ကြောင့် ရီးယဲလ်ဟာ အရင်နှစ်တွေကလို ပြိုင်ဘက်အသင်းတွေက ထိတ်လန့်ရတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားခြင်းမရှိတော့တာကို  အသင်းရဲ့ သွင်းဂိုးနှုန်း ကျဆင်းမှုတွေကသက်သေပြနေပါတယ်။

မေလဲ့သင်း