ချန်ပီယံလမ်းကြောင်းပေါ်မှ အသင်းများ ပွဲကျပ်ကစားရမည့် MNL ပွဲစဉ် (၂၁)

ရန်ကုန် ၁၅ သြဂုတ်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၁)ကို ယခုတစ်ပတ် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသည့် အသင်းသုံးသင်းစလုံး ပွဲကျပ်များကစားရမည်ဖြစ်သည်။ ထိပ်ဆုံးမှ ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ ကစားရမည်ဖြစ်သော်လည်း ရန်ကုန်နှင့် ဧရာဝတီအသင်းမှာမူ အဝေးကွင်းပွဲများ ကစားရမည်ဖြစ်သည်။
 

ပွဲစဉ် (၂၁) အဖြစ် သြဂုတ် ၁၇ ရက်တွင် သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် စစ်ကိုင်းအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရန်ကုန်အသင်း၊ သြဂုတ် ၁၈ ရက်တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် မကွေးအသင်း၊ သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် ရခိုင်အသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ဧရာဝတီအသင်း၊ သြဂုတ် ၂၀ ရက်တွင် မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ 


ပွဲစဉ် (၂၀) အပြီးတွင်  ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၀ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရန်ကုန်အသင်းက ၃၉ မှတ်၊ ဧရာဝတီအသင်းက ၃၈ မှတ်၊ ဟံသာဝတီအသင်းက ၃၂ မှတ်၊ ရခိုင်အသင်းက ရမှတ် ၃၀၊ရတနာပုံအသင်းက ၂၉ မှတ်၊ စစ်ကိုင်းအသင်းက ၂၇ မှတ်၊ မကွေးအသင်းက ၂၄ မှတ်၊ Southern အသင်းက ၁၉ မှတ်၊ ဇွဲကပင်အသင်းက ၁၈ မှတ်၊ Chinland အသင်းက ၁၆ မှတ်၊ ဒဂုံအသင်းက ၁၄ မှတ် ရရှိထားသည်။ လက်ရှိအနေအထားအရ ချန်ပီယံဆုအတွက် သုံးသင်း၏ ပြိုင်ဆိုင်မှုအပြင် ပြီးခဲ့သည့် ပွဲစဉ် (၂၀) တွင် Chinland အသင်း၏ နိုင်ပွဲကြောင့် တန်းဆင်းဇုန်နေရာလုပွဲမှာ ပြန်လည်ပြင်းထန်လာပြီး အသင်းလေးသင်း ပြိုင်ဆိုင်ရမည့် အနေအထားဖြစ်လာသည်။ 


ထိပ်ဆုံးမှ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ဒုတိယအကျော့တွင် ရလဒ်ကောင်းနေသည့် မကွေးနှင့် တွေ့ဆုံနေသောကြောင့် ပုံမှန်ထက်အားကုန်ထုတ်ကစားရမည်ဖြစ်သလို ရန်ကုန်နှင့် ဧရာဝတီအသင်းတို့မှာ လည်း အဝေးကွင်း၌ ခက်ခက်ခဲခဲကစားရဖွယ်ရှိနေသည်။ ယခုတစ်ပတ်တွင် ခြေချော်သည့်အသင်းမှာ ချန်ပီယံဆုအတွက် အဆုံးသတ်လုနီးပါး ဖြစ်သွားနိုင်သောကြောင့် အမှားခံလို့ မရသည့်အနေအထား ဖြစ်နေသည်။ သုံးသင်းစလုံး အနိုင်ရပါကနောက်ဆုံးပွဲမှ အဖြေပေါ်မည်ဖြစ်ပြီး MNL ပြိုင်ပွဲသမိုင်းတစ်လျှောက် အသင်းသုံးသင်း၏ ပြိုင်ဆိုင်မှုကို တွေ့မြင်ရမည်ဖြစ်သည်။ 


တန်းဆင်းဇုန်အတွက်မူ ဇယားအောက်ဆုံးရောက်နေသည့် ဒဂုံအသင်းအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေပြီး အမှတ်ရယူနိုင်မှ ဆက်လက်မျှော်လင့်နိုင်မည့် အနေအထားဖြစ်နေသည်။ ဒဂုံအသင်းအနေဖြင့် စစ်ကိုင်းကို ရှုံးနိမ့်ခဲ့ပါက နောက်ဆုံးပွဲရလဒ်ကို စောင့်ကြည့်စရာမလိုဘဲ တန်းဆင်းရတော့မည်ဖြစ်ရာ မဖြစ်မနေ အမှတ်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။ ထို့ပြင် တန်းဆင်းဇုန်မှ ရုန်းကန်မည့် Southern၊ ဇွဲကပင်နှင့် Chinland အသင်းတို့၏ ရုန်းကန်မှုများကို စောင့်ကြည့်၇မည်ဖြစ်ပြီး နိုင်ပွဲရသည့်အသင်းက အခြေအနေကောင်းသွားနိုင် ပေသည်။

 
ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲသာလိုတော့ပြီး ယခုတစ်ပတ်ကျင်းပမည့်ပွဲစဉ်များက ချန်ပီယံဆုနှင့် တန်းဆင်းဇုန်အတွက် အဖြေတစ်ခုထုတ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမည်ဖြစ်သည်။


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်