နေပြည်တော် ၁ ဇူလိုင်

 

ခန္တီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၃၀ ရက် နံနက် ၁၀ နာရီခွဲက ခန္တီးမြို့၊ ခန္တီးမြို့မရပ်ကွက်၊ ခန္တီး-ပဒူးမုန်းလှေဆိပ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ထွန်းရွှေကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ ငွေကျပ် ၁၁၈၈ သန်းတန်ဖိုးရှိ ဘိန်းဖြူ သုည ဒသမ ၉၉ ကီလို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူယင်းနေ့ ညနေ ၄ နာရီက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မဘိမ်းမြို့နယ်၊ နမ့်ပုံးပုံး ကျေးရွာအုပ်စု၊ နမ့်ပုံးပုံးကျေးရွာ၊ နမ့်ပေါ်ချောင်းဘေးရှိ မဘောက်မိုင်၏ တောင်ယာတဲကိုရှာဖွေရာ ၎င်းနှင့်အတူ မဖြူဖြူအေး၊ မပြည့်ဖြိုးလှိုင်တို့အား တွေ့ရှိရပြီး တဲအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀,ဝ၀ဝ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲက လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ မိုင်းတွန်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာ၏ အရှေ့တောင်ဘက်၊ တောင်ယာဘေးလျှိုအနီးရှိ ချုံအတွင်းမှ မသင်္ကာဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိ၍ စစ်ဆေးရှာဖွေရာ ငွေကျပ် ၁၁၃၁ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,ဝ၀ဝ၊ အဆင့်နိမ့်ဘိန်း သုည ဒသမ ၁၅ ကီလိုတို့ကိုလည်းကောင်း၊ အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် အထက်ပါနေရာနှင့် မီတာ ၃၀ဝ အကွာ တောင်ယာဘေးချုံအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃,ဝ၀ဝ၊ အိုက်စ် ၁ ကီလိုတို့ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ညနေပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ၏ အနောက်မြောက်ဘက်၊ အဆောက်အဦအဟောင်းနေရာနှင့် ဝါးရုံပင်အောက်ရှိ မြေကြီးအတွင်းမှ ငွေကျပ်သိန်း ၃၂၄၉၀ တန်ဖိုးရှိ ဆေးပြားရိုက်ရာတွင် အသုံးပြုသည့် တံဆိပ်မပါ သံမို ၁၄ ချောင်း၊ WY တံဆိပ်ပါ သံမို ၁၉ ချောင်း၊ ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ပင်နီယန်ပါဒလက်နှင့် ဆေးပြားရိုက်စက်အစိတ်အပိုင်း ၁၉ ခု၊ SEMON တံဆိပ်ပါအခြောက်ခံစက် (၁)လုံး၊ စိတ်ကြွရူးသွပ် ဆေးပြား ၁,၉၆၆,ဝ၀ဝ၊ ရေစိုပျက်စီးနေသည့် စိတ်ကြွရူးသွပ်ဆေးအခဲ ၂၀ ကီလို၊ ပွိုင့်-၂၂(၁)လက်၊ ခြောက်လုံးပြူး (၁)လက်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား