ခန္တီး  ၂၁  ဖေဖော်ဝါရီ     


စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်စိမ်းထွက်ရှိသည့် ခန္တီးရတနာနယ်မြေတွင် မြို့၏ သင်္ကတေအဖြစ် အလေးချိန် လေးတန်ခန့်ရှိ ကျောက်စိမ်းတုံးကြီးကို ထားရှိထားကြောင်း ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဘကြိုင် ကပြောသည်။      


ခန္တီးမြို့၊ မြို့သင်္ကတေအဖြစ် ထားရှိရန်အတွက် အလေးချိန် လေးတန်ခန့်နှင့် ငါးတန်ကျော်ရှိ ကျောက်စိမ်းတုံးနှစ်တုံးကို ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီနှစ်ခုထံမှ အလှူခံရရှိခဲ့ကြောင်း၊ လက်ရှိတွင် အလေးချိန် လေးတန်ခန့်ရှိ ကျောက်စိမ်းတုံးကြီးကို ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ ကမ်းနားလမ်း မဉ္ဇူပန်းခြံတွင် ထားရှိပြသထားကြောင်း ခန္တီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။


''ကုမ္ပဏီနှစ်ခုကလှူတာ၊ ပြီးတော့ အဲကျောက်စိမ်းတုံးကြီးတွေက နိုင်ငံတော်ကို အခွန်ဆောင်ပြီးသားပါ။ အကောင်းစားကြီးတွေတော့ မဟုတ်ပါဘူး၊ ခုထားရှိထားတာ လေးတန်လောက်ရှိတယ်။ နောက်ထပ် ငါးတန်း ကျော်ကျော် တစ်လုံးရှိသေးတယ်။ အဲဒါတော့ မလုပ်ရသေးဘူး၊ ဘတ်ဂျက် အခြေအနေအရ မဉ္ဇူပန်းခြံ နားလေးမှာပဲ စုပုံထားပါသေးတယ်။ လှတပတနဲ့ ကြည့်လို့ကောင်းပြီး လုံခြုံအောင်ထားဖို့ကျတော့  ဘတ်ဂျက်ကုန်ကျခံရတာပေါ့၊ အဲဒါလေးကိုတော့ မလုပ်ဖြစ်သေးဘူး "ဟု ခန္တီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဘကြိုင် က ပြောသည်။  


အလေးချိန်လေးတန်ခန့်ရှိ ကျောက်စိမ်းတုံးကို ထားရှိရန် မဉ္ဇူပန်းခြံအတွင်း ကြာပန်းပုံကလပ် တည်ဆောက်ခဲ့ပြီး ထို ကလပ်အပေါ်တွင် အဆိုပါ  ကျောက်စိမ်းတုံးကို တင်ပြီး ထားရှိပြသထားကြောင်း၊ အလေးချိန် ငါးတန်ကျော်ရှိ ကျောက်စိမ်းတုံးကို  အဆိုပါ ပန်းခြံ အနီးရှိ မြို့မဘုန်းကြီးကျောင်းအတွင်း  ထားရှိရန် စီစဉ်ထားကြောင်း ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။


''ကျွန်တော်တို့ဆီမှာ တချိန်တုန်းက ရတနာနယ်မြေဆိုပြီး  ကျောက်စိမ်းထွက်တယ်။ နာမည်ကြီးထားတယ်လေ။ ခန့်မှန်းအားဖြင့် နှစ်ပေါင်း ၃၀ လောက်ဆို အလားအလာ သိပ်မကောင်းတော့ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က အမှတ်တရ ထားပေးတာပါ။ နောင်လာနောင်သားတွေ ခန္တီးဒေသဟာ ကျောက်စိမ်းထွက်ခဲ့တာ အမှန်တကယ်ပါလားဆိုတာကို  လက်တွေ့ပြနိုင်အောင်လို့အမှတ်တရ ထားရှိပြသပေးတာပါ " ဟုခန္တီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဘကြိုင် က ပြောပြ၍ သိရသည်။  


ကိုမင်း(အင်းတော်)