ခန္တီး ၁၃ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ဆင်သေစံပြကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ “ကျေးလက်ဒေသဖွံ့ဖြိုးရေး”  ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့ နံနက် ၁၀ နာရီက ဆင်သေ တရုတ်ဘုံကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က “ဒေသခံပြည်သူများအနေနဲ့ မိမိတို့   ကျေးရွာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများဆီ တင်ပြစေလိုကြောင်းနှင့် ကျေးရွာမှာရှိသည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကလည်း ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါ” ဟု တိုက်တွန်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဦးအမ်းအင်းလမ်း က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်းရွယ်ရည်ချက်ကို ရှင်းလင်းတင်ပြသည်။

ပြည်သူ့စကားဝိုင်းကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးကြသည်။ ဆွေးနွေးမှုများအပေါ် ဒေသခံပြည်သူများက ဆရာ၊ ဆရာမ လိုအပ်ချက်များကိုလည်းကောင်း၊ ကျေးရွာအတွင်းရှိ ကျွဲ၊ နွား၊ ဝက်များကို စည်းကမ်းမဲ့လွှတ်ထားခြင်းကို စားကျက်မြေသတ်မှတ်ပြီး စနစ်တကျ မွေးမြူစေလိုကြောင်းကိုလည်းကောင်း နှင့် ကွန်ကရစ်လမ်းခင်းရန် ကျန်ရှိသည့်နေရာကိုလည်းကောင်း မေးမြန်းကြရာ သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)

 

mdn