ခန္တီး  ၇ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်၌ ပြည်ထောင် စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ( ၃၁ )နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပသည်။

 

အခမ်းအနားတွင် ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီး ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ်ရရှိသူ ( ၂ ) ဦးအား ခန္တီးခရိုင် အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ပြည်သူ့ဝန်ထမ်းဆုတံဆိပ်ရရှိသူ ( ၃ ) ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်ကလည်းကောင်း ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် အကြီးတန်းစာရေးရာထူးတိုး စာမေးပွဲ ဖြေဆိုအောင်မြင်သူတစ်ဦးကို လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဦးက လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီးနောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

 

အခမ်းအနားအပြီးတွင် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်လာသူအားလုံးကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရှမ်းခေါက်ဆွဲနှင့် လက်ဖက်ရည်ဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးဇနီး ဒေါ်အေးအေးကြည် မြို့နယ်အုပ် ချုပ်ရေးမှူးဇနီး ဒေါ်ထွေးခင်နှင့် ခန္တီးမြို့ရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အငြိမ်းစားယူပြီးဖြစ်သည့် ဝန်ထမ်းဟောင်းများ တက်ရောက်ကြကြောင်း သိရသည်။

 

အမ်းအင်းလမ်း ( IPRD )