ခန္တီး၊   ၂၈ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် Quarantine Center မှကျန်းမာရေးစစ်ဆေးမှု ခံယူခြင်းမရှိဘဲ မိမိဆန္ဒအလျောက် နေရပ်ပြန်သူအား ဇန်နဝါရီ ၂၇ ရက်နေ့ကခန္တီးမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၆)လ ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၂ ရက်နေ့က မန္တလေးမြို့မှ ခန္တီးမြို့သို့ အဲသံလွင်လေကြောင်းလိုင်းဖြင့် လိုက်ပါလာသူ ဦးဗိုတုတ်သည် Stay at Home သတ်မှတ်ထားသော ချမ်းမြသာစည်မြို့နယ်မှ လာရောက်ခြင်းကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တော်ဝင်နှင်းဆီဟိုတယ်တွင် Hotel Quarantine (၇)ရက်ဝင်ရောက်လျက်ရှိရာမှ သတ်မှတ်ရက်မပြည့်မီ ဇန်နဝါရီ ၁၉ ရက်နေ့ က ခွင့်ပြုချက်တစ်စုံတစ်ရာရရှိခြင်းမရှိဘဲ မိမိဆန္ဒအလျောက် ရွှေပြည်သာကျေးရွာရှိ နေအိမ်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

 

ယင်းကြောင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးမှတစ်ဆင့် COVID-19 ရောဂါပိုးရှိ/မရှိ RTD Test Kit ဖြင့်စစ်ဆေးမှုခံယူရန် အကြောင်းကြားသော်လည်း စစ်ဆေးမှုမခံယူနိုင်ကြောင်း ပြန်လည်ပြောဆိုခြင်းတို့ ကြောင့် ခန္တီးမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဖိလစ်ဝင်း(ဒုမြို့နယ်အုပ်ချုပ်ရေးမှူး)မှ ဇန်နဝါရီ ၂၆ ရက်နေ့က ခန္တီးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် တရားစွဲဆိုခဲ့ရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က) ဖြင့်အမှုဖွင့်လှစ်ခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နေ့တွင် ခန္တီးမြို့နယ်တရားရုံးမှ ဦးဗိုတုတ်အား အလုပ်နှင့်ထောင်ဒဏ်(၆)လ ကျခံစေရန် စီရင်ချက်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

သီဟ(ခန္တီး)