ခန္တီး ၂၄ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာနယ်မြေ၊ နန်ဆီပွန်မှော်နှင့် မကျန်ခမှော်ဒေသရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ကွက်များနှင့် မြေစာပုံများတွင် ယခုနှစ် မိုးရာသီကာလအတွင်း မြေပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ဖားကန့်မှာ မြေပြိုမှုတွေဖြစ်ပေါ်နေတယ်ဆိုတာ ကြားသိရတယ်။ ဖားကန့်လိုပဲ ခန္တီးရတနာမြေမှာ ကျောက်မျက်တူးဖော်တဲ့ လုပ်ငန်းတွေရှိတယ်။ နန်ဆီပွန်မှော်နဲ့ မကျန်ခမှော်တွေပါ။ ဒီမှော်တွေမှာလည်း မိုးတွင်းကာလ တူးဖော်ရေးလုပ်ငန်းတွေ လုပ်နေတာဖြစ်တဲ့အတွက် မြေပြိုကျမှုတွေ ဖြစ်ပေါ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ ယခုမိုးတွင်းကာလမှာ အပေါ်ယံ မြေဆီလွှာတွေ ဖယ်ရှားတူးဖော်တဲ့ လုပ်ငန်းတွေဆောင်ရွက်နေတာ။ အပေါ်ယံမြေဆီလွှာတွေ ဖယ်ရှား ရှင်းလင်းတာဟာ ဝိတ်လျှော့တဲ့သဘောပါ။ ပြီးခဲ့တဲ့နှစ်ကာလအတွင်းမှာ ကျောက်စိမ်းတူးဖော်ခဲ့တဲ့ ကျောက်နံရံတွေဟာ ပြတ်ရွှေ့တွေကြောင့် အက်ကွဲကြောင်းတွေ ဖြစ်ပေါ်တယ်။ မိုးရေတွေက အက်ကွဲကြောင်းအတွင်း စိမ့်ဝင်နေတာကြောင့် မြေပြိုမှုတွေဖြစ်ပေါ်ခြင်းဖြစ်ပါတယ်” ဟု နန်ဆီပွန် မှော်တွင် ကျောက်စိမ်းတူးဖော် နေသည့် ကုမ္ပဏီ တစ်ခုမှ တာဝန်ခံတစ်ဉီးဖြစ်သူ ဦးချစ်ခိုင်က ပြောကြားခဲ့သည်။
ပြီးခဲ့တဲ့နှစ်မိုးတွင်းကာလက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်ဆီပွန်မှော်နှင့် မကျန်ခမှော်တို့ရှိ ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်များနှင့် စွန့်ပစ်မြေစာပုံတွင် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာသူများမှာ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကာ လက်ရှိအချိန်တွင် နေရာအချို့ မြေပြိုကျမှုဖြစ်ပေါ်နေသော်လည်း ကြီးမားသည့် ထိခိုက်မှုမျိုး မရှိသေးကြောင်း သိရသည်။
ခန္တီးရတနာနယ်မြေ နန်ဆီပွန်မှော်နှင့်မကျန်ခမှော်တွင် ကုမ္ပဏီပေါင်း (၇၀)ကျော်တို့မှ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများအနေဖြင့် မိုးတွင်းကာလ ကျောက်နံရံများအတွင်း မိုးရေစိမ့်၀င်နေမှုကြောင့် အက်ကွဲကြောင်းများဖြစ်ပေါ်၍ မြေပြိုကျနိုင်မှု အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေများ တွေ့ရှိရသော်လည်း အပေါ်ယံ မြေလွှာဖယ်ရှားခြင်း လုပ်ငန်းများအား လုပ်ငန်းလို အပ်ချက်အရ ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


