တစ်ခါတလေ ကြုံရလိမ့်မယ်။ ပူပူလောင်လောင် အစားအစောမျိုးတွေကို အလောတကြီး စားမိလိုက်တာမျိုး၊ ရေနွေးပူပူကို ရုတ်တရက် သတိမထားမိဘဲ သောက်မိလိုက်တာမျိုးတွေပေါ့။ ဒီလို အချိန်မျိုးဆိုရင် အာခေါင်တစ်ခုလုံး ပူလောင်ကျိန်းစပ်ပြီး နေမထိထိုင်မသာ ဖြစ်သွားတတ်ကြတယ် မဟုတ်လား။
ဒီလို အာခံတွင်းအပူလောင်ပြီဆိုရင် ဆိုးရွားလှတဲ့ဝေဒနာကိုတင် ကြုံရတာ မဟုတ်ပါဘူး၊ စားရေးသောက်ရေးပါ အခက်တွေ့ကြုံရပါလိမ့်မယ်။ အပူလောင်ထားတဲ့ ခံတွင်းကြောင့် အစာစားရာမှာ အရသာ မရှိတာလိုလို၊ စပ်နေတာလိုလို၊ ထုံနေတာလိုလိုနဲ့ ခံတွင်းထဲ အစာဝင်သွားရင်ကို နေရထိုင်ရ ခက်နေတော့တာပါပဲ။ ပထမအဆင့် ခံတွင်းအပူလောင်နာဟာ တစ်ရက်ဝန်းကျင်ကနေ တစ်ပတ်ဝန်းကျင်အထိ ကြာတတ်ပြီးတော့ ပြင်းထန်လွန်းတဲ့ အခြေအနေမျိုးကိုတော့ ဒုတိယအဆင့် ခံတွင်း အပူလောင်နာလို့ သတ်မှတ်လေ့ရှိပါတယ်။
ဒီလို ဝေဒနာမျိုးခံစားရချိန်မှာ အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ သင်မထင်မှတ်ထားတဲ့ အနီးနားက အစားအစာတချို့ဟာ အဲ့ဒီအာခံတွင်းအပူလောင်တဲ့ ဝေဒနာကို အလျှင်အမြန် ပျောက်ကင်းစေနိုင်ပါတယ်။
ခံတွင်းအပူလောင်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတွေ
ခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ပထမအဆင့် ခံတွင်း အပူလောင်နာကို နေအိမ်မှာတင် အလွယ်တကူ ရရှိနိုင်တဲ့ အစားအစာတွေကို အသုံးပြုပြီး သက်သာအောင် ကုသနိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။
• ၁။ ရေအေးအေး သောက်ပေးပါ – ကိုယ်အပူလောင်သွားပြီ၊ အာခေါင်ပေါက်သွားပြီဆိုတာကို သိတာနဲ့ ရေအေးအေးကို ၁၀ မိနစ်ခြား တစ်ခါလောက် သောက်ပေးပါ။ ရေအေးမရနိုင်ရင်လည်း ရေထဲကို ရေခဲစိမ်ပြီး သောက်ပေးလို့ရပါတယ်။ ဒါမှမဟုတ်လည်း ရေအေး၊ ရေခဲတုံးစတာတွေကို အချိန်အတော်ကြာ ဆက်တိုက်ငုံထားပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သဘာဝ ရေအေးအေးကို ပြောတာပါ။ အာခေါင်အတွင်းပိုင်းက အပူလောင်သွားတဲ့ အရေပြားအလွှာရဲ့ ပျက်စီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
• ၂။ ဒိန်ချဉ် ဒါမှမဟုတ် နို့သောက်ပေးပါ – ဒိန်ချဉ်လို နို့ထွက်ပစ္စည်း စစ်စစ်တွေဟာ အာခေါင် အပူလောင် လို့ဖြစ်လာတဲ့ နာကျင်မှုဝေဒနာကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် အအေးခံ ထားတဲ့/ရေခဲရောစပ်ထားတဲ့ ဒိန်ချဉ်တို့ နို့အေးတို့ တစ်ဖန်ခွက်စာလောက် သောက်သုံးပေးမယ်ဆိုရင် အာခေါင်အတွင်းက အပူလောင်လို့ ပျက်စီးသွားတဲ့ အရေပြားကို ယာယီကာကွယ်ပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ အပူလောင်ရာနေရာမှာ ပိုဆိုးတဲ့ အနာဖြစ်မလာဖို့နဲ့ ယားယံတာ၊ နာကျင်တာတွေဖြစ်မလာစေဖို့ ထိမ်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
• ၃။ ရှားစောင်းလက်ပတ် အစေးနဲ့သုတ်လိမ်းပါ – ရှားစောင်းလက်ပတ် (Aloe Vera) ဟာ ဆေးဘက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ အာခေါင်အပူလောင်တာကိုလည်း သက်သာအောင် ကုစားပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ အစေးဟာ အပူလောင်ထားတဲ့နေရာကို ချောမွေ့စေဖို့နဲ့ ဝေဒနာသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။
• ၄။ ပျားရည်သုံးပါ – ပျားရည်ချိုမြမြလေးဟာလည်း အပူလောင်ချိန်မှာ ဝေဒနာ ပျောက်ကင်းအောင် ကုစားပေးနိုင်ပါတယ်။ ပျားရည်ကို သောက်သုံးပေးတာ ဒါမှမဟုတ် ငုံထားတာက အနာကို အလျှင်အမြန် ကျက်စေနိုင်ပါတယ်။ ပျားရည်ထဲမှာပါဝင်တဲ့ Antimicrobial properties တွေဟာ အပူလောင်နာကြောင့် ဖြစ်လာတဲ့ နာကျင်မှုဝေဒနာတွေ လျော့ပါးသွားအောင်လည်း အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် ရောဂါပိုး ကူးစက်တာမျိုးကိုလည်း လျှော့ချပေးနိုင်ပါတယ်။
• ၅။ ဆားငံရည်ငုံပါ – အာခံတွင်း အပူလောင်ချိန်မှာ ဆားရည်ငုံဖို့ကတော့ ပြောပြစရာ မလိုလောက်အောင်ကို လူသိများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရောဂါပိုးမွှားတွေ မကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်သလို အပူလောင်ချိန်မှာ ဖြစ်လာတဲ့ အရေပြား ပျက်စီးမှုတွေကိုလည်း လျှော့ချ ပေးပါတယ်။ ရောဂါသက်သာနှုန်းလည်း မြန်စေပါတယ်။ ဆားရည်ငုံရာမှာ သိပ်မပူတဲ့ ရေနွေးနွေးလေးထဲကို ဆားလက်ဖက်ရည် ဇွန်းတစ်ဇွန်းစာလောက် ထည့်ဖျော်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး တစ်နေ့ကို ၂ – ၃ ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။
• ၆။ ပျော့ပျောင်းတဲ့ အစားအစာများ – အာခေါင်မှာ အပူလောင်ထားပြီဆိုရင် စားတဲ့ အစားအစာက အရမ်းအရေးကြီးလာပါပြီ။ ပျော့ပျောင်းနူးညံ့တဲ့အစားအစာတွေကို ရွေးချယ်စားသောက် ပေးတာကလည်း ဝေဒနာ ခံစားရတာကို သက်သာစေမှာဖြစ်သလို အလျင်အမြန် ပျောက်ကင်းဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
ခံတွင်း အပူလောင်ထားပြီဆိုရင် အထက်ဖော်ပြပါ နည်းလမ်းတွေနဲ့ သက်သာပျောက်ကင်းအောင် ကုသနိုင်သလို ခံတွင်းသန့်ရှင်းနေအောင် ဂရုစိုက်ဖို့လည်း အရေးကြီးကြောင်း သိထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ပထမအဆင့် အပူလောင်နာအတွက် အိမ်တွင်းကုသနည်းတွေနဲ့ ကုသနိုင်ပေမယ့် ဒုတိယအဆင့် အခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ မဖြစ်မနေလိုအပ်တယ်မှာဖြစ်ပါတယ်။
ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”